ရန်ကုန်-ပြည် ပြေးဆွဲသည့် ဘုန်းမြတ်ပိုင်ယာဉ်တိမ်းမှောက်


ရန်ကုန်၊ ဧပြီ ၁၉ ။

ယနေ့ဧပြီလ ၁၉ ရက်နေ့လယ်ပိုင်းက ၊ ပဲခူးတိုင်းဒေသကြီး၊ အနောက်ခြမ်းကြို့ပင်ကောက်မြို့နှင့် သုံးမိုင်ခန့်အကွာ ကျွဲဘိကျေးရွာ အနီးတွင် ရန်ကုန်-ပြည် ပြေးဆွဲသည့် ဘုန်းမြတ်ပိုင်ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ယာဉ်နောက်လိုက်တစ်ဦးကွယ်လွန်ပြီး ခရီးသည် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာဉ်တိမ်းမှောက်သည့်နေရာသို့သွားရောက်ကူညီပေးခဲ့သူ ကြို့ပင်ကောက်မြို့၊ မြတ်မွန်စေတနာ လူမှုကူညီရေးအသင်းမှ ကိုဌေးနိုင်ဦး က ယနေ့( ဧပြီလ ၁၉ ရက်) ညနေပိုင်းတွင် AHN သို့ပြောသည်။

“ ကား က ရန်ကုန်ကပြန်လာတဲ့ကားပါ။ နေ့လယ် ၂း၁၅ လောက် မှာ တိမ်းမှောက်တာပါ။ ယာဉ်နောက်လိုက်သေဆုံးပါတယ်။ ကျွန်တော်တို့ဆေးရုံပို့ပေးခဲ့ရတာက ဒဏ်ရာ ရတဲ့သူ ၆ ဦးရှိပါတယ်။ အသေးစားဒဏ်ရာရတဲ့သူက ၄ ယောက်ပါ။ ဒဏ်ရာ ရတဲ့သူတွေထဲမှာ စိုးရိမ်ရတဲ့ သူမရှိပါဘူး။ သေဆုံးဒဏ်ရာရတဲ့သူတွေကို ဆေးရုံပို့ပြီး ၊ အခုပဲ ပြန်လာတာပါ “ ဟု ကိုဌေးနိုင်ဦးကပြောသည်။

ယာဉ်မတော်တဆဖြစ်ပွားသည်ဆိုခြင်းမှာ မှန်ကန်ပါကြောင်း ရန်ကုန်မြို့ရှိ ဘုန်းမြတ်ပိုင်ယာဉ်လိုင်းမှ တာဝန်ရှိသူအမျိုးသမီးတစ်ဦးကပြောသည်။

“ခရီးသည်သေဆုံးတာ မရှိပါဘူး ရှင့်” ဟုလည်း ၄င်းကပြောသည်။

ဒဏ်ရာရရှိသူများကို ပတ်ဝန်းကျင်ကျေးရွာမှ ကျေးရွာသားများ၊ လူမှုအဖွဲ့အစည်းများကဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ ယာဉ်မောင်းဖြစ်သူမှာထွက်ပြေးတိမ်းရှောင်သွား၍ ဖမ်းဆီးရမိရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း ကြို့ပင်ကောက်မြို့မရဲစခန်းမှတာဝန်ကျရဲဝန်ထမ်းတစ်ဦးကပြောသည်။

နန်းမိုခမ်း( AHN)

The Asia Heart News
https://www.facebook.com/The-Asia-Heart-News
ရန်ကုန်-ပြည် ပြေးဆွဲသည့် ဘုန်းမြတ်ပိုင်ယာဉ်တိမ်းမှောက် ရန်ကုန်-ပြည် ပြေးဆွဲသည့် ဘုန်းမြတ်ပိုင်ယာဉ်တိမ်းမှောက် Reviewed by THITHTOOLWIN on 23:06 Rating: 5
Powered by Blogger.