ဖားကန့်က သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ပတ်သက်ပြီး လွှတ်တော်ကော်မတီ အစီရင်ခံစာ တင်မည်

ရေကြီးနေတဲ့ဥရုချောင်းနဲ့ ဖားကန့်မြို့ မရှီကထောင်ကြိုးတံတားကို ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။ Photo - U Tin Soe ( Pharkant Resident )
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီသင်္ကြန်အပြီးမှာ အမျိုးသားလွှတ်တော် ဥက္ကဌထံ အစီရင်ခံစာ တင်ပြသွားဖို့ရှိတယ်လို့ ဖားကန့်ဒေသကို ကွင်းဆင်းလေ့လာခဲ့တဲ့ အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီက ပြောပါတယ်။

ရွှေတူးတာတွေ၊ မြေစာတွေ စနစ်တကျမစွန့်ပစ်တာတွေကြောင့် ဥရုချောင်းဟာ ရေလမ်းကြောင်း မကောင်းတော့ သလို ဖားကန့်ဒေသက သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးနေတယ်လို့ အမျိုးသားလွှတ်တော် သယံဇာတနဲ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦးကျော်သီဟက ပြောပါတယ်။

"ဥရုချောင်းက နဂိုတုန်းကဆိုရင် ကြည်ပြီးတော့မှ စိမ်းပြီးတော့ အောက်ကကျောက်ခဲလေးတွေကို မြင်နေရ တဲ့ နေရာမျိုးတဲ့၊ ဒါပေမဲ့ အခုအပေါ်ကနေပြီးတော့မှ ရွှေတူးလို့၊ ရွှေရှာလို့ပဲဖြစ်ဖြစ်၊ အပေါ်က ကျောက် စိမ်းတွေတူးတဲ့ ကုမ္ပဏီတွေကနေပြီးတော့ မြေစာပုံတဲ့နေရာတွေက မြေတွေကျကျလာရင်းနဲ့ အဲဒီဘက် ကို ရောက်လို့ပဲဖြစ်ဖြစ်၊ လမ်းတွေဖောက်လို့ပဲဖြစ်ဖြစ်၊ အမျိုးစုံသောအကြောင်းအချက်တွေပေါ် မူတည်ပြီးတော့မှ ရေလမ်းကြောင်းက မကောင်းတော့ဘူး၊ သဘာဝပတ်ဝန်းကျင်ဘက်က ကြည့်ရင် လည်း တော်တော်ပျက်စီးယိုယွင်းမှုတွေများတယ်၊ ဘယ်လောက်ကတော့ ထိန်းသိမ်းလို့ဖြစ်မလဲဆိုတာကို ကြည့်ပြီးတော့ ပြန်ရီပို့တင်ရမှာပေါ့၊ သင်္ကြန်ပြီးတော့ လောက်ပေါ့"

အဲဒီကော်မတီဟာ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ ဖားကန့်ဒေသမှာ သွားရောက်ကွင်းဆင်း လေ့ လာခဲ့တာ ဖြစ်ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အင်အားကြီး စက်ယန္တရားမျိုးစုံကို အသုံးပြုပြီး ကျောက်စိမ်းနဲ့ ရွှေတူးဖော် လုပ်ကိုင်နေမှုကြောင့် သဘာဝတောတောင်တွေ ပျက်စီးလာမှုတွေရှိနေတယ်ဆိုပြီး ဒေသခံတွေရဲ့ တိုင်ကြားမှုတွေကြောင့် သွားရောက်စစ်ဆေးတာ ဖြစ်တယ်လို့လည်း ဦးကျော်သီဟက ပြောပါတယ်။

အဲဒီလို ယာဉ်စက်ယန္တရားတွေနဲ့ အလွန်အကျွံတူးဖော်လုပ်ကိုင်နေမှုကြောင့် သဘာဝတော၊ တောင်၊ ချောင်း ၊ မြောင်းတွေ ပျက်စီးပြီး မိုးတွင်းဆို ရေကြီးပြီး နွေဆိုရေရှားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ကို ဒေသခံပြည် သူတွေက ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်လွှတ်တော် သစ်တော၊ သတ္တု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင် ရာကော်မတီကလည်း ကျောက်မျက်ကုမ္ပဏီတွေရဲ့ ကျောက်စိမ်း တူးဖော်ရေးမှာအသုံးပြုတဲ့ စက်ယန္တရားတွေကို သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး ကန့်သတ်ဆောင်ရွက်ဖို့အတွက် အစိုးရကို တိုက်တွန်း ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဖားကန့်က သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ပတ်သက်ပြီး လွှတ်တော်ကော်မတီ အစီရင်ခံစာ တင်မည် ဖားကန့်က သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ပတ်သက်ပြီး လွှတ်တော်ကော်မတီ အစီရင်ခံစာ တင်မည် Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.