သထုံ ဧပြီ ၇
မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက် ဂေါ့ကျေးရွာအဝင်လမ်းထိပ်ရှိ နေအိမ်တစ်လုံးတွင် ဧပြီလ ၇ ရက်၊ နံနက် ၅ နာရီဝန်းကျင်ခန့်က ထမင်းပေါင်းအိုးဖြင့် ပိန္နဲစေ့ ပြုတ်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ပိန္နဲစေ့ကို ပြုတ်စားဖို့ဆိုပြီး ထမင်းပေါင်းအိုးနဲ့ပြုတ်ထားပြီးတော့ တခြားအိမ်မှာ စကား သွားပြောတယ်။ ပြီးတော့ ဒါကို မေ့ပြီး အိပ်ပျော်သွားတော့ ပေါင်းအိုးကအပူလွန်ကဲပြီး မီးလောင်တာပါ” ဟု သထုံခရိုင်မီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကြင်ထွန်းက ပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ မသီတာအေး ၂၂ နှစ်၊ (ဘ) ဦးနိုင်ထွန်းသည် နံနက် ၄ နာရီခန့်က နေအိမ်၌ ပိန္နဲစေ့ ပြုတ်ထားပြီး ခြံဝင်းတစ်ခုတည်းနေ ဖခင်ဖြစ်သူ၏ နေအိမ်သို့ သွားရောက်စကားပြောဆိုကာ ယင်းနေအိမ်တွင် အိပ်ပျော်သွားသဖြင့် ပေါင်းအိုးမှ အပူရှိန်လွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန် ထိခိုက်မှုမရှိဘဲ မသီတာအေး၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုအား သထုံခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးတပ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ မီးငြှိမ်းသတ် ယဉ် ၃ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့သဖြင့် မီးငြိမ်းသွားခဲ့ပြီး မီးပေါ့ဆစွာ အသုံးပြုသူ မသီတာအေးအား သထုံမြို့မရဲစခန်းမှ (ပ)၅၂၈/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
သက်ဦး(သထုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပေါင်းအိုးအပူလွန်ကဲပြီး နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
16:38
Rating:
