မန္တလေးသင်္ကြန်ပွဲ ကျုံးပတ်လည်ဖျော်ဖြေရေးမဏ္ဍပ် ၁၅ ခုနှင့် ရေကစားမဏ္ဍပ် ၃ဝ ကျော်ဖြင့် ဆင်နွှဲမည်


ဧပြီ ၈

၂၀၁၇ခုနှစ် မန္တလေးသင်္ကြန်ပွဲတော်အား ကျုံးပတ်လည်တွင် ​ဖျော်ဖြေရေးမဏ္ဍပ် (၁၅)ခုနှင့်ကျုံးတောင်ဘက်ခြမ်း၌ ကျင်းပမည့် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ရေကစားမဏ္ဍပ် (၃ဝ) ကျော်ပါဝင်​မည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ကျုံးတောင်ဘက်တွင် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်၊ နန်းမြို့သူမဏ္ဍပ်နှင့် ခရီးသွားမြှင့်တင်ရေး ဗဟိုမဏ္ဍပ်တို့ ​ဆောက်လုပ်ထားပြီး ကျုံးအရှေ့ဘက်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ဖျော်ဖြေရေးမဏ္ဍပ် ခုနစ်ခုနှင့်အတူ အထူးစုံစမ်းစစ်​​ဆေး​ရေးဦးစီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏မဏ္ဍပ်များပါဝင်ကြပြီး ကျုံးမြောက်ဘက်တွင် Iron Cross ဖျော်ဖြေရေးမဏ္ဍပ်နှင့် ကျုံး အနောက်ဘက်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ မဏ္ဍပ်နှစ်ခု ပါဝင်ဆင်နွှဲကြမည်ဖြစ်သည်။

ယခုနှစ်တွင် ကျုံးတောင်ဘက်ခြမ်း၌ စတင်ကျင်းပမည့် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရေကစားမဏ္ဍပ် ၊ နန်းမြို့သူ ရေကစားမဏ္ဍပ်၊ ခရီးသွားမြှင့်တင်ရေး အတွက်ဆောက်လုပ်ထားသည့် ဖျော်ဖြေရေး နှင့် ရေကစားမဏ္ဍပ် ၁၁ ခုနှင့် အဖွဲ့အစည်းအသီးသီးတို့မှ ပါဝင်ဆောက်လုပ် ထားကြသည့် ပေ ၃ဝ နှင့် ၁၂ ပေအကျယ်ရှိ ရေကစားမဏ္ဍပ် အခု၂ဝ တို့ပါဝင်ကြပြီး စတုဒိသာမဏ္ဍပ် ခုနစ်ခုတို့လည်း ထည့်သွင်းဆောက်လုပ်ထားကြောင်း သိရသည်။

''ဒီကျုံးတောင်ဘက်ခြမ်းမှာကျင်းပမယ့် လမ်းလျှောက်သင်္ကြန်ပွဲတော်အတွက် ၇၈ လမ်းနဲ့ ၆၆ လမ်းထိပ်တွေမှာ မုခ်ဦးတွေ တပ်ဆင်ထားမယ်။ ဘယ်ယာဉ်မှ မဝင်ရဘဲ လမ်းလျှောက်ပြီး ပါဝင်ဆင်နွှဲရမှာပါ။ ဘယ်သူမဆိုပါဝင်ရေကစားနိုင်တဲ့ မဏ္ဍပ်တွေ၊ စတုဒိသာကျွေးမွေးဖို့နဲ့ အနားယူဖို့ မြေစိုက်မဏ္ဍပ်တွေလည်း ထည့်သွင်းထားတဲ့အပြင် အစားအသောက်ရောင်းချမယ့်ဆိုင်ခန်းတွေလည်း ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်'' ဟု မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

ယခုနှစ် မန္တလေးသင်္ကြန်ပွဲတော်ကို အကြိုနေ့အရုဏ်တက်တွင် သံဃာတော် ၁ဝ၈ ပါးအား မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ရှေ့၌ ဆွမ်းကြီးလောင်းလှူ၍ နံနက် ၇ နာရီခွဲတွင် ကျောင်းသူ ၃ဝဝ က မန်းတောင်ရိပ်ခိုသီချင်းဖြင့် သီဆို ဖျော်ဖြေကာ မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် မြို့မအလှပြယာဉ်တို့က သင်္ကြန် သီချင်းများကို တစ်လှည့်ဆီ အပြန်အလှန်သီဆိုကြပြီး ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။

မန်းကိုကို
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေးသင်္ကြန်ပွဲ ကျုံးပတ်လည်ဖျော်ဖြေရေးမဏ္ဍပ် ၁၅ ခုနှင့် ရေကစားမဏ္ဍပ် ၃ဝ ကျော်ဖြင့် ဆင်နွှဲမည် မန္တလေးသင်္ကြန်ပွဲ ကျုံးပတ်လည်ဖျော်ဖြေရေးမဏ္ဍပ် ၁၅ ခုနှင့် ရေကစားမဏ္ဍပ် ၃ဝ ကျော်ဖြင့် ဆင်နွှဲမည် Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.