ဘားအံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံး

လျှပ်စစ်ထမင်းပေါင်းအိုးဖြင့် ထမင်းအိုးတည်ရာမှ အပူလွန်ကဲ၍ ဝါယာရှော့ဖြစ် ကာ နေအိမ်လေးလုံး မီးကူးစက်လောင်ကျွမ်း
ဘားအံ ဧပြီ ၁၂

ကရင်ပြည်နယ် ဘားအံမြို့နယ် ဖဲကတာကျေးရွာအုပ်စု ဖဲကတာကျေးရွာ အမှတ်(၂)ရပ်ကွက်တွင် ပေါင်းအိုးဖြင့်ထမင်းချက်၍ ပလပ်ကြိုးမဖြုတ်ဘဲ ထားရာမှ အပူလွန်ကဲကာ ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ပတ်ဝန်းကျင်နေအိမ်များပါ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် စုစုပေါင်း နေအိမ် လေးလုံး မီးလောင်ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က ဘားအံမြို့နယ် ဖဲကတာကျေးရွာအုပ်စု ဖဲကတာကျေးရွာ၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဇာသပြင်နယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်လင်းဦးစီးအဖွဲ့က သွားရောက်စစ်ဆေးရာ မီးစတင်လောင်ကျွမ်းသည့် နေအိမ်မှာ ဖဲကတာကျေးရွာ အမှတ်(၂)ရပ်ကွက်ရှိ ဒေါ်ငြိမ်းတင်(၅၅)နှစ်ခန့်၏ နေအိမ်မှ စတင်လောင်ကျွမ်း ခြင်းဖြစ်သည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းရာ ဒေါ်ငြိမ်းတင်မှာ နေအိမ်တွင် (၅)နှစ်အရွယ် မြေးဖြစ်သူနှင့်နေထိုင်သူတစ်ဦးဖြစ်ပြီး အခင်းဖြစ်နေ့ နံနက် ၅ နာရီခန့်က သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူရန်အတွက် လျှပ်စစ် ပေါင်းအိုးဖြင့် ထမင်းချက်ခဲ့ကာ ထမင်းချက်အပြီး ပေါင်းအိုးမှ ဝါယာကြိုးအား မဖြုတ်ဘဲထားခဲ့၍ မြေးဖြစ်သူနှင့်အတူ လယ်တောသို့ သွားနေခဲ့ကြောင်း၊ ဝါယာကြိုးမှာ အပူချိန်လွန်ကဲ၍ ရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားရာမှ ပတ်ဝန်းကျင်နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် စုစုပေါင်း နေအိမ်လေးလုံး လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ်နှစ်စီး၊ ဇာသပြင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဇာသပြင်ကျေးရွာ၊ ဖဲကတာကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ ပြည်သူများ စုစုပေါင်းအင်အား ၉ဝ ခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့၍ မွန်းလွဲ ၁ နာရီခွဲတွင် မီးလုံးဝငြိမ်းသွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုသူ ဒေါ်ငြိမ်းတင်အား ဇာသပြင်နယ်မြေရဲစခန်းနယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်မျိုးမင်းဆွေက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဘားအံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံး ဘားအံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 15:08 Rating: 5
Powered by Blogger.