အထက်မင်းလှမြို့နယ်တွင် လေပြင်းတိုက် ၊ မိုးသီးကြွေ နေအိမ်တချို့ ပျက်စီး
ဧပြီလ ၂၁ရက်နေ့ (၂၁.၄.၂၀၁၇) နေ့လည် (၂)နာရီမှ (၂း၂၀)နာရီအချိန်ထိ တိုက်ခတ်သော မိုသက်လေပြင်းနှင့် မိုးသီးကြွေကျမှုကြောင့် မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် မလွန်ကျေးရွာအုပ်စု၊ သက္ကယ်ကျင်းရွာကလေး၌ (၄)ပင်ပတ်လည် ပျဉ်ထောင်သွပ်မိုးအိမ်(၂)လုံး သွပ်မိုးလန်၊ (၄)ပင်ပတ်လည်ပျဉ်ထောင်သွပ်မိုးအိမ်(၁)လုံး အမိုးပေါက်၊ (၃)ပင်ပတ်လည် သက္ကယ်မိုးထရံကာနေအိမ်(၆)လုံး အမိုးအနည်းငယ်လန်မှုများဖြစ်ပွားခဲ့ပြီး။ အိမ်ခြေ(၉)လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ ကျား(၁၇)ဦး၊ မ(၁၆)ဦး၊ စုစုပေါင်း(၃၃)ဦး လေဘေးသင့်ခဲ့ပြီး (၃၇၅၀၀၀)ကျပ်ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လေပြင်းတိုက်ခတ်စဉ် လွင့်ထွက်လာသည့် အမိုးသွပ်ပြားထိမှန်၍ သက္ကယ်ကျင်းရွာသား အသက် ၂၄ နှစ်အရွယ် ကိုတင်မိုးဝင်း (ဘ)ဦးအေးကြည်၏ နဖူးထိမှန်ပြတ်ရှ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိပြီး မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်းသိရပါသည်။
လေပြင်းတိုက်ခတ်မှုဖြစ်ပွားပြီးသည်နှင့် တပြိုင်နက်  အထက်မင်းလှမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ထွေအုပ်ဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ သက္ကယ်ကျင်းရွာသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရွှံ့နွံများအကြားမှ ချက်ချင်းသွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
"မိုးရွာထားတော့ ရွာကို ကယ်ဆယ်ရေးလုပ်ဖို့သွားရတာ လမ်းကအတော်ဆိုးပါတယ်။ ကားဝင်လို့မရတော့ပါဘူး။ ဆိုင်ကယ်တောင် ရွှံ့တွေနဲ့ လည်ခံနေလို့ ခြေလျင်သွားခဲ့ရပါတယ်။ ရွာရောက်တော့ ဆိုးဆိုးရွားရွားကြီး ပျက်စီးဆုံးရှုံးတာမဟုတ်တဲ့အတွက် နီစပ်ရာဆွေမျိုးတွေအိမ်နဲ့ နဂိုမူလနေအိမ်တွေမှာပဲ နေရာချထားတာတွေလုပ်ခဲ့ပါတယ်။ အချို့သွပ်ပြားတွေကလဲ ပြန်သုံးလို့ရပါသေးတယ်။ သက်ဆိုင်ရာနဲ့ မြို့ပေါ်ပရဟိတအဖွဲ့တွေကလဲ လိုအပ်တာ ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ် " ဟု သွားရောက်ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးက ပြောသည်။
မိုးဦးလေဦးကျရောက်လာပြီဖြစ်၍ ပြည်သူများအနေဖြင့် မိုးလေ၀သသတင်းများ နားထောင်ပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်ပါကြောင်း၊ နေအိမ်များကိုလည်း ကုန်ကျစရိတ်သက်သာမှုထက် ရာသီဥတုဒဏ်ခံနိုင်အောင် အကြမ်းခံနိုင်အောင် ခိုင်ခံ့မှုကို ဦးစားပေးဆောက်လုပ်သင့် ပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။
ဓါတ်ပုံ-  Dr Ye Htun Zaw
Powered by Blogger.