ရေပက်ခံကားများထံ အလှူငွေတောင်းခြင်း ခွင့်မပြုဟု ကြာအင်းဆိပ်ကြီးတွင် ထုတ်ပြန်ထား


ဧပြီ ၁၀ ရက် ၊ ၂၀၁၇ ခုနှစ်။ စောမြတ်ဦးသာ

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်တွင် ရေကစားမဏ္ဍပ်တို့မှ ရေပက်ခံမော်တော်ယာဉ်များထံ အလှူငွေ တောင်းခံခြင်း ခွင့်မပြုဟု ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်နယ်လုံးဆိုင်ရာ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးကော်မတီက ဧပြီ (၆)ရက်နေ့တွင် ထုတ်ပြန်သည့် စည်းကမ်းချက်များ၌် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကြာအင်းဆိပ်ကြီးမြို့နယ် ယခင်နှစ်သင်္ကြန်တွင် ရေကစားမဏ္ဍပ် အချို့က ရေပတ် ခံကားများထံ အလှူငွေ တောင်းခံမှုများရှိသည့် အပေါ် ယခုလို စည်းကမ်းချက်များ ထုတ်ပြန်ရာတွင် ထည့်သွင်း ရခြင်းဖြစ်သည်ဟု ဝင်းရော်နယ်လုံးဆိုင်ရာ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် တံခွန်တိုင် ရဲစခန်းမှူး စောအောင်ဝင်းထိုက်က ယခုလိုပြောသည်။

၎င်းက “နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းလာတဲ့ သင်္ကြန်ကာလမှာ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ အောင်မြင်စွာ ဆင်နွှဲနိုင်ဖို့ ရည်ရွယ်ထုတ်ပြန်တာပါ။ တစ်ချို့ရေကစားမဏ္ဍပ်မှာ ရေပက်ခံမော်တော်ယာဉ်တွေကို အလှူခံ မထည့်ရင် ကားတွေကို မပေးသွားဘူး။ ဒါကြောင့် ဒီဟာတွေမရှိစေဖို့ အဲစည်းကမ်းချက်ကိုတော့ ဒီနှစ်မှာပြန်ထည့်ထားတယ်” ဟု ဧပြီ ၆ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်သွားလာခြင်း၊ အရက်သေစာသောက်စားမူးယစ်ပြီး ဆိုင်ကယ် အိတ်ဇောပြောင်းဖြုတ် အသံကျယ်လောင်စွာ မောင်းနှင်ခြင်း၊ ထင်ရောင်ထင်မှားဖြစ်စေသည့် အဖွဲ့စည်း ၀တ်စုံ များနှင့် အလံများကို လွှင့်ထူမောင်းနှင်ခြင်း စသည်တို့ကို မပြုလုပ်ရန် စည်းကမ်းချက် ၁၇ ချက်တွင် ပါရှိသလို လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခလယ်ရွာသား စောရှားဖောင်က “လူငယ်တွေ အနောက်တိုင်း ယဉ်ကျေးမူတွေနဲ့ ပေါင်းပြီး ဆိုင်ကယ်အိတ်ဇော ဖြုတ် ဆူဆူညံညံ မောင်းနှင်းတာတို့ကတော့ မဖြစ်သင့်ဘူးပေါ့နော်။ ပျော်ရွင်စွာ ရေကစားသူတွေလည်း အနှောက်ယှက်ဖြစ်စေတယ်” ဟု မှတ်ချက်ပြု ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ၀င်းရော်ဒေသတွင် ယခှုနှစ် သင်္ကြန်တွင် ရေကစားမဏ္ဍပ် ၂၀ နီးပါး ရှိမည်ဖြစ်ပြီး သင်္ကြန်ယိမ်းအကပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 စောမြတ်ဦးသာ / ကေအိုင်စီ
http://kicnews.org
ရေပက်ခံကားများထံ အလှူငွေတောင်းခြင်း ခွင့်မပြုဟု ကြာအင်းဆိပ်ကြီးတွင် ထုတ်ပြန်ထား ရေပက်ခံကားများထံ အလှူငွေတောင်းခြင်း ခွင့်မပြုဟု ကြာအင်းဆိပ်ကြီးတွင် ထုတ်ပြန်ထား Reviewed by THITHTOOLWIN on 07:13 Rating: 5
Powered by Blogger.