မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို မြောက်ဦးတရားရုံးတွင် ယနေ့ ရုံးထုတ်စစ်ဆေး

(ဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို မြောက်ဦးတရားရုံးတွင် တွေ့ရစဉ်။ ဓါတ်ပုံ - Arue Arue)
မြောက်ဦး၊ ဧပြီလ ၂၄

မတရားအသင်း ပုဒ်မနှင့် တရားစွဲဆိုခံနေရသော မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို ယနေ့ နံနက် ၁၀ နာရီက မြောက်ဦးမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို လိုက်ပါကူညီဆောင်ရွက်နေသည့် ပြင်ဈေးရပ်ကွက်မှ ဦးအောင်ကျော်ဖြူက ယခုလိုပြောသည်။

“ ဒီနေ့ နံနက် ၁၀ နာရီက ဆရာတော်နဲ့ ခိုင်နီမင်းတို့ကို ရုံးထုတ် စစ်ဆေးပါတယ်။ နာရီဝက်ကြာပါတယ်။ တရားရုံးကတော့ ရက္ခိုင့်တပ်မတော်နဲ့ အဆက်သွယ်ရှိမရှိ မေးခွန်းတွေကို မေးမြန်းပါတယ်။ ဆရာတော်ကလည်း အဆက်မသွယ်မရှိဘူးလို့ ဖြေပါတယ်။ ” ဟု ပြောသည်။

မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို စစ်တွေအကျဉ်းထောင်ကနေ ယူဆောင်လာခဲ့ပြီး စစ်တွေမြို့နယ် တရားရုံးမှာ စစ်ဆေးမည်ဟု သိထားသော်လည်း မြောက်ဦးမြို့သို့ ယနေ့ ယူဆောင်လာကာ မြောက်ဦးမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းတို့ကို စစ်တွေအကျဉ်းထောင်သို့ ပြန်ယူဆောင်မသွားဘဲ မြောက်ဦးမြို့ အချုပ်ခန်းမှာ ထိန်းသိမ်းထားမည်ကိုလည်း ဦးအောင်ကျော်ဖြူက ဆိုသည်။

ဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို ယနေ့ မြောက်ဦးတရားရုံးက မေးခွန်းအနည်းငယ် မေးမြန်းခဲ့ပြီး မေလ ၂ ရက်နေ့သို့ နောက်ထပ် ရုံးချိန်းလိုက်ကြောင်း သိရသည်။

ရက္ခိုင့်တပ်မတော်နေ့ (၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နှင့် ဘောလုံးပွဲကျင်းပခြင်းမှာ မတရားအသင်း အက်ဥပဒေနှင့် ငြိစွန်းသည်ဆိုပြီး မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနှင့် ကိုခိုင်နီမင်းတို့ကို မြောက်ဦးမြို့မ ရဲစခန်းမှ ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မြောက်ဦးအခြေစိုက် ခမရ-၅၄၀ တပ်ရင်းက အရေးယူပေးရန် တိုင်တန်းလာခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်း ဖြစ်သည်ဟု မြောက်ဦးမြို့မရဲစခန်းထံမှ သိရသည်။

မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မြတန်ဆောင်းဘုန်းကြီးသင် ပညာရေးကျောင်းမှ ဖမ်းဆီးခဲ့ပြီး ယင်းနေ့ ချက်ခြင်း စစ်တွေသို့ ယူဆောင်ကာ ဆရာတော်အား လူဝတ်လဲပြီး စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

ဇော်ဇော် (မြောက်ဦး)၊ DMG
Development Media Group
https://www.facebook.com/dmgnewsagency
မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို မြောက်ဦးတရားရုံးတွင် ယနေ့ ရုံးထုတ်စစ်ဆေး မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို မြောက်ဦးတရားရုံးတွင် ယနေ့ ရုံးထုတ်စစ်ဆေး Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.