နိရဉ္စရာ၊ ဧပြီ ၂၁
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စုရှိ ကျေးရွာ ၅ ရွာတွင် လူပေါင်းတစ်ရာကျော် ၀မ်းပျက် ၀မ်းလျှောရောဂါ ဖြစ်ပွားနေကြောင်း အမ်မြို့နယ် ပြည်သူ့ ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာ တင်အောင်ဝင်းမှ နိရဉ္စရာသို့ ပြောကြားသည်။
“ ဒလက်အုပ်စု အပိုင်ထဲမှာရှိတဲ့ ရွာ ၅ရွာမှာ ဖြစ်ပွားနေတာပါ။ သင်္ကြန်ပီးတဲ့ အချိန်မှာ စဖြစ်ပွားတာပါ ခင်ဗျား။ ဖုန်းဆက်လို့ မရတဲ့ အတွက် ရွာသားတွေက ကျေးလက်ကျန်းမာရေး ဒလက်ကို အင်္ဂါနေ့ ညနေမှ သတင်းလာပို့ပါတယ်။ ဗုဒ္ဓဟူး၊ ကြာသပတေး ဒီနေ့ထိ သုံးရက်ရှိပါပြီ ကုသနေတာ” ဟု ဒေါက်တာ တင်အောင်ဝင်းမှ ပြောကြားသည်။
လက်ရှိ သတင်းအရ ဆေးခန်းလာတဲ့ ပြင်ပ လူနာ ၂၅၃ ယောက် ဆေးခန်းလာပြကြောင်း၊ ထိုအထဲတွင် ၁၀၆ ယောက် ၀မ်းပျက်ဝမ်းလျှော ရောဂါသည်တွေဖြစ်ကြောင်း၊ တစ်ကြိမ်နှစ်ကြိမ် ၀မ်းလျှော ၀မ်းပျက်သူများ ဖြစ်ကြောင်း၊ သို့သော် တစ်ဦးသာ ဒလက်တိုက်နယ်ဆေးရုံတွင် အတွင်း လူနာ အဖြစ် တက်ရောက် ကုသနေရကြောင်း သူက ဆက်လက် ပြောကြားသည်။
ဝမ်းပျက်၊ ၀မ်းလျှော ရောဂါ စ ဖြစ်ပွားရခြင်း၏ အသေးစိတ် အချက်အလက်များကို မသိရသေးကြောင်း၊ ရောက်ရှိနေသည့် ဆေးဝန်ထမ်းအဖွဲ့မှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဆရာဝန်က ပြောကြားသည်။
“ ဖြစ်ပွားနေတာက ရွာ ၅ ရွာ ဖြစ်ပါတယ်။ အဲဒီရွာတွေကတော့ ဘွေးဝ၊ ညောင်ချောင်း၊ ၀င်ဝ၊ လုံးတုံနဲ့ လှေတဆစ် ကျေးရွာတွေ ဖြစ်ကြပါတယ်။ အများအားဖြင့် ချင်းကျေးရွာတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ အမ်းကနေ သွားမယ် ဆိုရင် အဲဒီရွာတွေကို တစ်ည အိပ် ခရီးလောက် သွားရပါတယ်” ဟု ပြောသည်။
၎င်းကျေးရွာများသို့ ကျန်းမာရေး ၀န်ထမ်းနှင့် စေတနာ့ဝန်ထမ်း ပထမ အသုတ် ၅ ယောက်၊ ဒုတိယ ၅ ယောက်၊ တတိယအဖွဲ့ ၁၀ ယောက်ကို ယနေ့ စေလွတ်လိုက်သည်ဟု သိရသည်။
Narinjara
https://www.facebook.com/Narinjara
အမ်းမြို့နယ် ဒလက်နယ်တွင် လူပေါင်းတစ်ရာကျော် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားနေ
Reviewed by THITHTOOLWIN
on
23:25
Rating:
