ဦးကိုနီအမှု ၄ ကြိမ်မြောက်ရုံးချိန်းမှာ တရားလိုပြသက်သေကို စစ်ဆေး

( ဦးကိုနီ လုပ်ကြံသူတွေကို ရန်ကုန်မြို့ အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင် တရားရုံးမှာ ဧပြီလ ၇ ရက်နေ့က ရုံးထုတ်အပြီး တွေ့ရစဉ် ) Photo; Kyaw Zaw Win/RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ ၄ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေတယောက်ကို စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ ရုံးချိန်မှာ လက်နက်အမှုနဲ့ ပက်သက်တဲ့ သက်သေတယောက်ကို စစ်ဆေးတာဖြစ်တယ်လို့ မြောက်ပိုင်းခရိုင်တရားရုံးက ဒုတိယခရိုင်တရားသူကြီးဖြစ်တဲ့ သတင်ပြန်ကြားရေးအရာရှိ ဦးခင်မောင်မြင့်က ပြောပါတယ်။

ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံရသူ ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်း တို့ ၄ ဦးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။ သူတို့ကို ပုဒ်မ ၃၀၂ လူသတ်မှု၊ ပုဒ် ၃၄ အားပေးကူညီမှု၊ ပုဒ်မ ၂၁၂ ပြစ်မှုကျူးလွန်သူကို ကူညီမှုတို့နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

၎ ဦးထဲက အောင်ဝင်းဇော်နဲ့ ကြည်လင်းတို့ကို လက်နက်မှုနဲ့ပါ တရားစွဲဆိုထားတာဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်ပြီး လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီရဲ့ အမှုမှာ သက်သေ ၈၀ ကျော်လောက်ပါဝင်မှာဖြစ်ပြီး စစ်ဆေးချိန် ဘယ်လောက်ကြာမြင့်မယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

အမှုမှာ အဓိကပတ်သက်သူလို့ ရဲတပ်ဖွဲ့က သံသယရှိနေတဲ့ အောင်ဝင်းခိုင် ကိုတော့ အခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

လာမယ့် ဧပြီလ ၂၁ ရက်နေ့မှာတော့ ရုံးချိန်းထပ်မံ ချိန်းဆိုထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဦးကိုနီအမှု ၄ ကြိမ်မြောက်ရုံးချိန်းမှာ တရားလိုပြသက်သေကို စစ်ဆေး ဦးကိုနီအမှု ၄ ကြိမ်မြောက်ရုံးချိန်းမှာ တရားလိုပြသက်သေကို စစ်ဆေး Reviewed by THITHTOOLWIN on 16:53 Rating: 5
Powered by Blogger.