ဘူးသီးတောင် မြို့အဝင်ကို တွေ့ရစဉ်။ Photo: Min Thein Aung |
ဘူးသီးတောင်မြို့နယ်ဟာ မောင်တောမြို့နယ်လို ထူးခြားဖြစ်စဉ်ဖြစ်ပွားတာမရှိတဲ့အတွက် ညမထွက်ရအမိန့်ကို အခုလို အချိန်လျှော့ပြီး ထုတ်ပြန်တာလို့ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က လူမျိုးရေးဘာသာရေး ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘူးသီးတောင်မြို့ပေါ်မှာ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို စတင်ထုတ်ပြန်ခဲ့ရတာဖြစ်ပါတယ်။
အဲဒီနောက် သတ်မှတ်အချိန်ကို တဖြည်းဖြည်းလျှော့ချခဲ့ရာကနေ ပြီးခဲ့တဲ့နှစ်က ရသေ့တောင်၊ မောင်တော ဒေသမှာ နယ်ခြားစောင့်ရဲကင်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ဖြစ်စဉ်တွေကြောင့် ညမထွက်ရအမိန့်ကို ည ၇ နာရီကနေ မနက် ၆ နာရီအထိ အချိန်တိုးမြှင့်ထုတ်ပြန်ခဲ့ရတာဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး အမိန့်နဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ အများပြည်သူတွေသွားရာ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူတွေနဲ့သက်ဆိုင်တဲ့နေရာတွေမှာ ၅ ဦး (သို့မဟုတ်) ၅ ဦးထက်ပိုပြီး မစုဝေးရလို့ပါရှိပါတယ်။
ဒီနေ့ ထုတ်ပြန်လိုက်တဲ့ အမိန့်ဟာ အချိန် ၂ လအထိ အတည်ဖြစ်မှာဖြစ်ပြီး အများပြည်သူတွေ သိရှိနိုင်ဖို့ ဒီနေ့ညမှာ လော်စပီကာတွေနဲ့ လှည့်လည်ကြေငြာမှာဖြစ်သလို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုလည်း အသိပေးအကြောင်းကြားထားတယ်လို့ ဘူးသီးတောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းကပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဘူးသီးတောင် ညမထွက်ရအမိန့် အချိန်လျှော့ချ
Reviewed by THITHTOOLWIN
on
19:24
Rating: