ထိုင်း ဆွန်ခရန်ရေသဘင်ပွဲတော်တွင် ယာဉ်မတော်တဆမှုများကြောင့် နှစ်ရက်အတွင်း ၈၂ ဦးသေဆုံး


ဘန်ကောက် ဧပြီ ၁၄

ဧပြီ ၁၁ ရက်တွင် စတင်ကျင်းပသည့် ထိုင်းဆွန်ခရန်ရေးသဘင်ပွဲတော်ကာလ ပထမနှစ်ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် အနည်းဆုံး လူ ၈၂ ဦး သေဆုံးခဲ့ရကြောင်း ဒေသခံသတင်းမီဒီယာများက ရေးသားဖော်ပြသည်။

ဘန်ကောက်ပို့စ် သတင်းစာ၏ အဆိုအရ ''အန္တရာယ်များသော ခုနစ်ရက်''ဟု ခေါ်ဆိုထားသည့် ပထမနှစ်ရက်အတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၉၉၅ မှုဖြစ်ပွားပြီး လူ ၁ဝ၄၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု ဆိုသည်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဆွမ်အန်ချိုင် ဝပ်တာနီချိုန်းချီက ယာဉ်တိုက်မှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အရေအတွက်များမှာ လွန်ခဲ့သည့် နှစ်ကထက် ပိုမိုများပြားလာခဲ့ကြောင်းနှင့် သေဆုံးသူအရေအတွက်မှာ လွန်ခဲ့သည့်နှစ် အလားတူကာလက ၁၁၆ ဦးရှိခဲ့သည့်အတွက် လျော့နည်းသွားသည်ဟု ပြောကြားသည်။

ထိုင်းအစိုးရက ပွဲတော်ကာလ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် စတင်ဆောင်ရွက်ချိန်မှစ၍ အာဏာပိုင်များသည် မော်တော်ဆိုင်ကယ် ၄၃၃ စီးနှင့် ပုဂ္ဂလိကနှင့် ပြည်သူပိုင် ယာဉ် ၁ဝ၂ စီးတို့ ဖမ်းယူသိမ်းဆည်းခဲ့သည်။ အရက်အလွန်အကျွံသောက် မောင်းနှင်သည့် ယာဉ်မောင်းများကိုရှာဖွေစစ်ဆေးပြီးနောက် ယာဉ်များကို သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကားလျက် အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဆီရိချန် နာဂသွန်က ပြောကြားသည်။

ဧပြီ ၁၂ ရက်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေကို ချိုးဖောက်သည့် မော်တော်ဆိုင်ကယ်စီးနင်းသူ ၃၂၇၈၂ ဦးကို ရပ်တန့်စစ်ဆေးခဲ့ပြီး ၎င်းတို့အနက် ၃ဝဝ၇၁ ဦးသည် တရားဥပဒေအရအရေးယူမှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း နာဂသွန်က ဆက်လက်ပြောကြားသည်။

လွန်ခဲ့သည့်နှစ်က ခုနစ်ရက်ကြာ ကျင်းပသည့် ထိုင်းရေသဘင်ပွဲတော် ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၄၄၂ ဦးရှိခဲ့ပြီး ၂ဝဝ၆ ခုနှစ်နောက်ပိုင်း သေဆုံးသူ အများဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့သည်။

Asian Correspondent
The Mirror Daily
https://www.facebook.com/TheMirrorDaily/
ထိုင်း ဆွန်ခရန်ရေသဘင်ပွဲတော်တွင် ယာဉ်မတော်တဆမှုများကြောင့် နှစ်ရက်အတွင်း ၈၂ ဦးသေဆုံး ထိုင်း ဆွန်ခရန်ရေသဘင်ပွဲတော်တွင် ယာဉ်မတော်တဆမှုများကြောင့် နှစ်ရက်အတွင်း ၈၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 06:53 Rating: 5
Powered by Blogger.