မဟာသင်္ကြန် အကျနေ့ ကို မန္တလေးမြို့ တွင် စည်ကားစွာ ဆက်လက်ကျင်းပ

မန္တလေးမဟာ သင်္ကြန် အကျနေ့ မြင်ကွင်းများအား တွေ့ ရစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

    ယခုနှစ် မန္တလေး မဟာသင်္ကြန်ကို မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ကျင်းပခြင်း၊ မဏ္ဍပ်များ အရွယ်အစားရော အရေအတွက် လျှော့ချခြင်း၊ ၂၆ ဘီလမ်းတစ်လျှောက် လမ်းလျှောက် သင်္ကြန်အသွင်ပြောင်းခြင်း၊ လူငယ်သင်္ကြန်ကို ၆၂ လမ်း မနော်ရမ္မံအရပ်တွင် သီးခြား ခွဲထားခြင်း စသည့် ပြောင်းလဲမှုများအရ ယခင်နှစ်များကဲ့သို့  စည်ကားနိုင် ပါ့မလားဟု အများက ပူပန်ခဲ့ကြသော်လည်း ဒုတိယမြောက်နေ့ ( အကျနေ့ )ကို စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။

“အခု သင်္ကြန်က အရင်ထက်ကို အများကြီးပျော်ဖို့ ကောင်းတယ်၊ မူးယစ် ရမ်းကားမှုတွေ လည်း မရှိသလောက်ဘဲ၊ ဒီလမ်းလျှောက် သင်္ကြန်ဆိုရင် ကျွန်တော်တို့  စားသောက် ဆိုင်တွေ ရော သင်္ကြန်လည်သူတွေရော မဏ္ဍပ်တွေရော အားလုံးက ပျော်၇ွှင်နေကြတယ်၊ အရင်လို အပျော်တစ်ဝက် စိတ်ပူရတာက တစ်ဝက်နဲ့  အပြည့်အ၀ မပျော်နိုင်ခဲ့ဘူး၊ ခြုံပြောရရင် ဒီနှစ် သင်္ကြန်က အရမ်း စိတ်ချမ်းသာရတယ်၊ ပျော်ဖို့ လည်းကောင်းတယ်၊ လူတန်းစားမရွေး အတူတူ ပျော်ခွင့်ရကြတယ်၊ အရမ်း အောင်မြင်တယ်လို့ ပြောရမယ်” ဟု ၂၆ လမ်း ဆီဒိုးနား ဟိုတယ်ရှေ့ တွင် လက်ဖက်၊ ကောက်ညှင်းပေါင်းနှင့် ငါးဘူးသီးကြော်များ ရောင်းချသည့် ရှမ်းရွှေတောင် ဆိုင်မှ ကိုမျိုးဝင်းအောင်က ဆင်ဟွာကို ပြောခဲ့သည်။


 လမ်းလျှောက် သင်္ကြန် ကျင်းပရာ ကျုံးတောင်ဘက် အခြမ်း ၇၈ လမ်းနှင့် ၆၆ လမ်း၊ ၂၆ ဘီလမ်းတစ်လျှောက်၌ ဒေသခံများအပြင် နိုင်ငံခြားသားများ အပါအ၀င် အနယ်နယ်အရပ်ရပ်မှ ဧည့်သည်များသည် အကြိုနေ့ ကတည်းက စည်ကား သိုက်မြိုက်စွာ လှည့်လည်ခဲ့ကြရာ သင်္ကြန် အကျနေ့ တွင် နိုင်ငံခြားသားများ ပျော်ရွှင်စွာ ကခုန်နေကြပုံများကို များစွာ မြင်တွေ့ ခဲ့ရကြောင်း ၄င်းကဆက်ပြောသည်။


 ကျုံးအရှေ့ ဘက်အခြမ်း ၁၂ လမ်းနှင့် ၂၆ လမ်းကြား ၆၆ လမ်းတစ်လျှောက်တွင်မူ ယခင်နှစ်များကကဲ့သို့  ယာဉ်များအား တောင်မှမြောက်ဘက်သို့ တစ်လှမ်းသွား ၀င်ခွင့် ပြုထားပြီး ရေကစားမဏ္ဍပ်များ ခွင့်ပြုထားရာ ယခင်နှစ်များအတိုင်းပင် တိုးမပေါက်အောင် စည်ကားနေသဖြင့် ကျုံးမြောက်ဘက်အခြမ်း လမ်း၈၀ နှင့် ၆၆ လမ်းကြား ၁၂ လမ်းပေါ်ရှိ နာမည်ကျော် IC တီးဝိုင်းရှိရာသို့ အရောက်သွားနိုင်ရန်ပင် အခက်တွေ့ နေကြသည် ဆိုသည်။ ၃၇ လမ်းနှင့် သိပ္ပံလမ်းကြားရှိ မနော်ရမ္မံအရပ်တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် အနီး လူထု ဟစ်တိုင်း ကွင်းပြင်၌ မန္တလေး စည်ပင်သာယာရေးကော်မတီက စီစဉ်ပေးထားသည့် လူငယ် သင်္ကြန်ကလည်း လူငယ်များ စိတ်ကြိုက် သီချင်းနှင့်အတူ ကခုန်နိုင်ခြင်း၊ သတ်မှတ်နေရာ အတွင်း လုံခြုံစိတ်ချစွာ လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်နိုင်ခြင်းတို့ ကြောင့် အောင်မြင်လျက် ရှိကြောင်း တွေ့ ရသည်။

(Xinhua)
http://www.xinhuamyanmar.com
မဟာသင်္ကြန် အကျနေ့ ကို မန္တလေးမြို့ တွင် စည်ကားစွာ ဆက်လက်ကျင်းပ မဟာသင်္ကြန် အကျနေ့ ကို မန္တလေးမြို့ တွင် စည်ကားစွာ ဆက်လက်ကျင်းပ Reviewed by THITHTOOLWIN on 16:22 Rating: 5
Powered by Blogger.