ဘုရားဖူးမှန်လုံယာဉ် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ကုန်တင်ယာဉ်အားဝင်တိုက်


သထုံ ၊ ဧပြီ ၊ ၂၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာတိုးဂိတ်အနီးတွင် ဧပြီလ ၂၀ ရက်၊ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က ဘုရားဖူးခရီးသည်များလိုက်ပါလာသည့် မှန်လုံယာဉ်တစ်စီး ရှေ့မှသွားနေသည့် ၂၂ ဘီး ကုန်တင်ယာဉ်အား အရှိန်မထိန်းဘဲ နောက်မှဝင်ရောက်တိုက်မိကာ ယာဉ်မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“လမ်းကွေ့ကလည်းဖြစ် ရှေ့မှာကလည်း တိုးဂိတ်ရှိတော့ ၂၂ ဘီးကားက အရှိန်ကို လျော့လိုက်တာ ဘုရားဖူးကားသမားက မထိန်းနိုင်ဘဲဝင်တိုက်မိတယ်။ ကားသမားက ကားလက်ကိုင်နဲ့ ယာဉ်မောင်းထိုင်ခုံကြားညှပ်နေလို့ ၀ိုင်းဆွဲထုတ်ပြီး ဆေးရုံကိုပို့လိုက်ရတယ်။ ခရီးသည်တွေတော့ ဘာမှမဖြစ်ပါဘူး” ဟု ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။


ဖြစ်စဉ်မှာ သထုံ-ဘားအံကားလမ်း မိုင်တိုင်အမှတ် ၆/၀ နှင့် ၆/၁ အကြား၊ ကြာပန်းကျေးရွာ တိုးဂိတ်အနီးတွင် သထုံဘက်မှ ဘားအံဘက်သို့ ယာဉ်မောင်း ထွန်းထွန်းဝင်း(ခ)တင်မောင် (၃၈) နှစ်၊ ဘ ဦးစောလှိုင်၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် (ဂ)ရပ်ကွက်တွင်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 8J/5038 ဖြူပြာရောင် Travel Tour ဘုရားဖူးမှန်လုံယာဉ်သည် ၎င်း၏ရှေ့မှ ယာဉ်ကြောတူမောင်းနှင်လာသည့် ၂၂ ဘီး ကုန်တင်ယာဉ်က အရှိန်လျော့လိုက်ရာမှ ၀င်ရောက် တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ သထုံမြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဝင်းဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များတို့ အမြန်ဆုံး သွားရောက်ကာ ဒဏ်ရာရ ယာဉ်မောင်းအား ကယ်ဆယ်၍ သထုံခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခြင်း၊ ယာဉ်ပေါ်ပါခရီးသည်များအား နေရာချထားပေးခြင်း၊ ယာဉ်ကြောရှင်းလင်းခြင်း စသည့်လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါယာဉ်တိုက်မှုတွင် ဘုရာဖူးမှန်လုံယာဉ်မောင်း ထွန်းထွန်းဝင်း(ခ)တင်မောင်အား သုဓမ္မ၀တီနယ်မြေရဲစခန်းမှ ယာဉ်(ပ)၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သက်ဦး(သထုံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘုရားဖူးမှန်လုံယာဉ် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ကုန်တင်ယာဉ်အားဝင်တိုက် ဘုရားဖူးမှန်လုံယာဉ် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ကုန်တင်ယာဉ်အားဝင်တိုက် Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.