ပြင်သစ်က ဒုက္ခသည်စခန်းတခု မီးလောင်


ပြင်သစ်နိုင်ငံမြောက်ပိုင်းက ရွှေ့ပြောင်းဒုက္ခသည် ၁,၅၀၀ နေထိုင်နေတဲ့ စခန်းတခုဟာ မီးလောင်ပြီး ပျက်စီးသွားပါတယ်။ မီးလောင်မှုဟာ အာဖဂန်နဲ့ ကာ့ဒ် လူမျိုးတွေရဲ့ ရန်ပွဲကနေ စတင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒန်းကတ်ဆိပ်ကမ်းအနီးမှာ ရှိတဲ့ ဂရန်ဒေးစင်သာ စခန်းက တခုနဲ့ တခု ထိစပ် နေတဲ့ တဲစုတန်းကို မီးလောင်ကျွမ်းပြီး အနည်းဆုံး လူ ၁၀ ယောက် ထိခိုက် ဒဏ်ရာ ရခဲ့တာပါ။

ဒီစခန်းမှာ မငြိမ်မသက် ဖြစ်နေလို့ ဖျက်သိမ်းတော့မယ်လို့ အရင်လကပဲ အာဏာပိုင်တွေက ပြောခဲ့ဖူးပါတယ်။

အခုတော့ စခန်းမှာ ပြာပုံပဲ ကျန်တော့တယ်လို့ ပြင်သစ်မြောက်ပိုင်းဒေသ ရဲတပ်ဖွဲ့အကြီးအကဲ မီရှဲလ်လက်လွန်ဒ် ကပြောပါတယ်။ အရင်တုန်းကအတိုင်း တဲစခန်းတွေ ပြန်ဆောက်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့လည်း သူက ဆိုပါတယ်။

ဒီစခန်းမှာ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု အတော်များများလည်း ဖြစ်ခဲ့ပါတယ်။ အခု မီးလောင်မှု စတင်စေခဲ့တဲ့ ရန်ပွဲမှာ ဆိုရင် လူ ၆ ယောက်ဟာ ဓားဒဏ်ရာတွေ ရခဲ့ပါတယ်။


အရင်လက ရန်ပွဲ တခုမှာ ဆိုရင်လည်း လူ ၅ ယောက် ဒဏ်ရာ ရခဲ့ပြီး ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ရပါတယ်။ မနှစ် နိုဝင်ဘာလတုန်းကလည်း အမျိုးသားတယောက် ဓားထိုးခံရတယ်လို့ အေအက်ဖ်ပီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ရွှေ့ပြောင်းအခြေချသူတွေ ဗြိတိန်ကို ရောက်ရှိဖို့ အတွက် ပြင်သစ်မြောက်ပိုင်းကမ်းခြေဟာ ဆွဲဆောင်မှုရှိတဲ့ ကြားခံနေရာဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese
ပြင်သစ်က ဒုက္ခသည်စခန်းတခု မီးလောင် ပြင်သစ်က ဒုက္ခသည်စခန်းတခု မီးလောင် Reviewed by THITHTOOLWIN on 15:32 Rating: 5
Powered by Blogger.