ရခိုင်၊ မကွေး၊ ဧရာဝတီတို့မှာ မုန်တိုင်းကြောင့် ပျက်စီးမှုတွေရှိ

( ဆိုင်ကလုန်းမုန်တိုင်း မာရသာကြောင့် ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်အတွင်းရှိ နေအိမ်အချို့အမိုးလန်ပျက်ဆီးသွားသည်ကို ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ် )Photo: Myanmar Fire Services Department/ Facebook
ဆိုင်ကလုန်းမုန်တိုင်း မာရသာကြောင့် ရခိုင်ပြည်နယ် မာန်အောင်၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စတဲ့မြို့နယ်တွေနဲ့ ဧရာတီတိုင်း၊ မကွေးတိုင်းတို့မှာ နေအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နဲ့ ဆေးရုံတွေ အမိုးလန်ပျက်စီးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ နေအိမ်အလုံး ၁၀၀ ကျော် အမိုးလန်ပျက်စီးခဲ့တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

" ရခိုင်မှာဆိုလို့ရှိရင် မာန်အောင်ရယ်၊ တောင်ကုတ်ရယ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲပေါ့နော်၊ အဲမြို့တွေမှာ ဖြစ်ခဲ့တယ်၊ အိမ်တွေစုစုပေါင်းဆိုရင် ၁၀၀ ကျော်လောက်တော့ရှိလိမ့်မယ်၊ နောက်ဘုန်းကြီးကျောင်းတွေ ပါတယ်၊ နောက် ဆေးရုံအမိုးလန်တာတို့ ပေါ့နော်။ "

ရခိုင်ပြည်နယ်မှာ လူနေအိမ်တွေအပြင် မာန်အောင်၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စတဲ့မြို့နယ် တွေက ကျောင်း ၁၃ ကျောင်း၊ ဘုန်းကြီးကျောင်း ၆ ကျောင်း၊ တိုက်နယ်ဆေးရုံ ၄ ရုံ၊ ရဲကင်းစခန်းတချို့နဲ့ မီးတိုင်တချို့လည်း ပျက်စီးခဲ့တာဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်မှာလည်း နေအိမ် ၁၆ လုံးပြိုလဲခဲ့ကာ ၁၅ လုံးက အမိုးလန်ပျက်စီးခဲ့တယ်လို့လည်း ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ မြို့သစ်မြို့နယ်အတွင်းက ယင်းချောင်းလမ်းလွှဲ ယာယီတံတား မိုင်တိုင်(၅၁) ပျက်စီးမှု ဖြစ်ခဲ့တာကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။

မုန်တိုင်းကြောင့် ပျက်စီးသွားတာတွေအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနရဲ့ ဒေသအလိုက်တာဝန်ရှိသူတွေက ကူညီထောက်ပံ့မှုတွေ လုပ်ဆောင် ပေးနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရခိုင်၊ မကွေး၊ ဧရာဝတီတို့မှာ မုန်တိုင်းကြောင့် ပျက်စီးမှုတွေရှိ ရခိုင်၊ မကွေး၊ ဧရာဝတီတို့မှာ မုန်တိုင်းကြောင့် ပျက်စီးမှုတွေရှိ Reviewed by THITHTOOLWIN on 17:28 Rating: 5
Powered by Blogger.