စဥ့်ကိုင် တောင်သူ ၇ ဦးကို ထောင်ဒဏ် နှစ်လစီချမှတ်

( စဥ့်ကိုင်မြို့နယ်တရားရုံးကို တွေ့ရစဉ် ) Photo: Myo Win Upper Myanmar Facebook
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က စွန်ရဲအင်းစိုက်ကွင်းအတွင်း ဝင်ရောက်ထွန်ယက် စိုက်ပျိုးခဲ့တဲ့ တောင်သူ ၇ ဦးကို စဉ့်ကိုင်တရားရုံးက တစ်ဦးကို ထောင်ဒဏ် နှစ်လစီ ချမှတ်လိုက်ပါတယ်။

အဲ့ဒီပြစ်ဒဏ်အပေါ် ကျေနပ်မှုမရှိတာကြောင့် ကျောက်ဆည်ခရိုင်တရားရုံးမှာ အယူခံဝင်သွားမယ်လို့ တောင်သူတွေဘက်က အမှုလိုက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးနိုင်နိုင်ထွန်းကပြောပါတယ်။

"၄၄၇ ကတော့ ကျူးကျော်ဝင်ရောက်တာ၊ ၄၂၇ ကတော့ကျူးကျော်ဝင်ရောက်ဖျက်စီးတာပေါ့ တောင်သူတွေက သူတို့ရဲ့ ဓားမဦးချလယ်ယာမြေပေါ်မှာ ထွန်ယက်စိုက်ပျိုးကြတာ၊ သူတို့ထွန်တုံး တိုက်ပွဲလုပ်တယ်ဆိုတာဘယ်သူကိုမှ ခြိမ်းခြောက်စော်ကားတာလည်း မရှိဘူး၊ ဘယ်သူကိုမှ ရန်ပြုတာ လည်းမရှိဘူး၊ ဘယ်သူမှစိုက်ပျိုးခြင်းမရှိတဲ့ ဘိုးဘွားပိုင်လယ်ယာမြေပေါ်မှာ တပြိုင်နက်တည်း ထွန်ယက် စိုက်ပျိုးကြတာကို ဥပဒေနဲ့မညီတဲ့အဖွဲ့အစည်းမှာ ပါဝင်တယ်ဆိုပြီး ပုဒ်မ ၁၄၉ တပ်ပြီး တရားစွဲခဲ့တာ၊ ဒါကတော့ ဥပဒေနဲ့မညီပဲ သုံးသပ်တယ်လို့ ယူဆတဲ့အတွက် အဲ့ပေါ်မှာ အယူခံပြင်ဆင် ဝင်သွားမှာပါ"

တောင်သူတွေကို စိုက်ပျိုးရေးဦးစီးဌာနက ပုဒ်မ ၄၂၇/၁၄၉ ၊ မုဒုံမောင်မောင်ကုမ္ပဏီ က ပုဒ်မ ၄၄၇/၁၄၉ နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး တစ်နှစ်ကျော်ကြာ စစ်ဆေးအပြီး စဥ့်ကိုင်မြို့နယ်တရားရုံးက ဧပြီလ ၂၆ရက်နေ့ မနေ့က ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့တဲ့ ဒေသခံတောင်သူ ခေါင်းဆောင် ၇ ဦးကို အမှုတစ်ခုစီအတွက် ထောင်ဒဏ် တစ်လ စုစုပေါင်း တစ်ဦးကို ထောင်ဒဏ်နှစ်လစီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
စိုက်ပျိုးရေးဦးစီးဌာန စက်မှုသီးနှံနှင့်ကော်ဖီစီမံကိန်းဌာနခွဲကနေ စွန်ရဲအင်းစိုက်ကွင်းအတွင်းက မြေဧက ၁၀၀၀ (တစ်ထောင်) ကျော်ကို ၁၉၇၂ ခုနှစ်မှာ စတင်ဖော်ဆောင်ခဲ့ပြီး ၂၀၁၄ခုနှစ်မှာ မုဒုံမောင်မောင် ကုမ္ပဏီကို နှစ် ၂၀ အငှားချထားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်စီမံကိန်းအဖြစ် သိမ်းယူခဲ့ပြီး ကုမ္ပဏီကိုအငှားချထားတဲ့ အဲ့ဒီလယ်ယာမြေတွေကို ၂၀၁၄ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ မူလပိုင်ရှင်ဆိုသူတွေက ဝင်ရောက်ထွန်ယက်ပြီး ထွန်တုံးတိုက်ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
စဥ့်ကိုင် တောင်သူ ၇ ဦးကို ထောင်ဒဏ် နှစ်လစီချမှတ် စဥ့်ကိုင် တောင်သူ ၇ ဦးကို ထောင်ဒဏ် နှစ်လစီချမှတ် Reviewed by THITHTOOLWIN on 17:26 Rating: 5
Powered by Blogger.