ရှမ်းပြည်နယ်အရှေ့မြောက်ဒေသရှိ လောက်ကိုင်မြို့နှင့်ပတ်ဝန်းကျင်ဒေသများအား ကိုးကန့် MNDAA လက်နက်ကိုင်အဖွဲ့ က မတ် ၆ ရက် နံနက်အစောပိုင်းမှစတင်၍ ၀င်ရောက်တိုက်ခိုက်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအ၀င် အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများရှိခဲ့သည်။
ယမန်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုန်ပြန်ရေးမှရရှိသောသတင်းများအရ MNDAA လက်နက်ကိုင်အဖွဲ့မှ မီးရှို့ထားသည့် အလောင်း ၂၀ အပါအဝင် လက်နက် ၁၀ လက်ခန့် ရရှိထားပြီး ကိုးကန့်ယာဉ်ထိန်းရဲ ၅ ဦး၊ ပြည်သူ ၅ ဦး သေဆုံးကြောင်းနှင့် ကိုးကန့် ယာဉ်ထိန်းရဲ ၄ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကိုးကန့် MNDAA အဖွဲ့နှင့် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတမှုအမျိုးသားပါတီဗဟိုကော်မတီတို့က မတ် ၆ ရက်နေ့ နေ့စွဲဖြင့် ပူးတွဲသတင်းကြေညာချက် ထုတ်ပြန်ခဲ့သည်။ လောက်ကိုင်နှင့်အနီးဝန်းကျင်နေရာမျာသို့ ၀င်ရောက်တိုက်ခိုက်မှုတွင် ၎င်းတို့နှင့်အတူ မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် ရာစုနှစ်ဝက်ကျော် ပြည်ထောင်စုငြိမ်းချမ်းရေးကိုဖျက်ဆီးနေသော မြန်မာတပ်မတော်အား ပညာပေးခြင်းဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပနေ မြန်မာပြည်သူများအနေဖြင့် အဖြစ်မှန်ကိုသိရှိပြီး ၎င်းတို့၏လက်နက်ကိုင်တော်လှန်ရေးကို အားပေးထောက်ခံကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုလနှောင်းပိုင်းတွင် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေးကိုကျင်းပရန်ရှိနေပြီး ညီလာခံအကြိုအဖြစ် တနိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသော လက်နက်ကိုင်အဖွဲ့များဖြင့်ဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ်ဒေါ်အောင်ဆန်းစုကြည်တို့ မတ်လ ၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းသို့ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ပြည်ထောင်စုအတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်သားပြည်သူများအတွက် အကျိုးမဲ့အချည်းနှီးဖြစ်စေရုံသာမက တိုက်ရိုက်ဆိုးကျိုးသက်ရောက်ပြီး ဒုက္ခပင်လယ်ဝေစေသည်ဟု အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၏ ဥက္ကဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က သဘောထားကြေညာချက် ထုတ်ပြန်ထားသည်။ ယင်းအပြင် လက်နက်ကိုင်တိုက်ခိုက်မှုများကိုစွန့်လွှတ်၍ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ဦးတည်ကြရန်လည်း ၎င်းက ဖိတ်ခေါ်ထားသည်။
MNDAA နှင့် မဟာမိတ်အဖွဲ့ဝင်အင်အား ၃၀ ခန့်သည် ရဲဝတ်စုံများဝတ်ဆင်အယောင်ဆောင်ကာ မတ် ၆ နံနက် ၂ နာရီခန့်က လောက်ကိုင်မြို့၊ ရန်လုံကျိုင်းရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့ပြင် MNDAA လက်နက်ကိုင်အင်အား ၅၀ ခန့်ကလည်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်း၏ နေအိမ်နှင့် ကျင်းတင်ဟိုတယ်အား ဝင်ရောက်ပစ်ခတ်ပြီး ဟိုတယ်ရှိ မော်တော်ယာဉ် ၄ စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
News Watch
https://www.facebook.com/NewsWatchJournal/
မြန်မာတပ်မတော်ကို ပညာပေးခြင်းဖြစ်ကြောင်း ကိုးကန့် MNDAA အဖွဲ့ သတင်းထုတ်ပြန်
Reviewed by THITHTOOLWIN
on
16:01
Rating:
