သိမ်းပိုက်ထားသည့် တပ်စခန်းတခုအား ဝ တပ်ဖွဲ့ ခေါင်းဆောင် ပေါက်ယူချမ်း ကိုယ်တိုင် ပြန်လည်အပ်နှံသော်လည်း မိုင်းလားနယ်မြေမှ ၀ တပ်ဖွဲ့များ မထွက်ခွါသေး

ဓါတ်ပုံ- ၀ တပ်ဖွဲ့ကသိမ်းပိုက်ခဲ့သည့် ကျိုင်းတုံဘက်ကအဝင် အထူးဒေသ ၄ ၏ ပန်မတ်ဖိုင်းဂိတ်
မတ် ၉ ရက် ၂၀၁၇

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့ ပိုင်တပ်စခန်းတခု အား UWSA ၀ ဥက္ကဌ ပေါက်ယူချမ်းကိုယ်တိုင် က မိုင်းလားတပ်ဖွဲ့ထံ ပြန်လည်အပ်နှံပေးသော်လည်း ဝ တပ်ဖွဲ့ဝင်များ အထူးဒေသ ၄ မိုင်းလား နယ်မြေ မှ ထွက်ခွါခြင်းမရှိသေးကြောင်း ကြားသိရသည်။

ကျိုင်းတုံ - မိုင်းလား လမ်းမ ပေါ် အထူးဒေသ ၄ မိုင်းလားနယ်မြေ အဝင်ဝ အနီး ရှိ လွယ်ကျူဆိုင်း တပ်စခန်းအား မိုင်းလားတပ်ဖွဲ့ထံ မတ် ၈ ရက်နေ့ (၂၀၁၇ ) က ပြန်အပ်လိုက်ကြောင်း၊ အဆိုပါ တပ်စခန်းမှ အင်အား ၁၀၀ ကျော်ရှိ ၀ တပ်ဖွဲ့များက တပ်ဆုတ်သော်လည်း ၎င်းတို့ထိန်းချုပ်ရာ ဒေသသို့ တပ်ဆုတ်ပြန် ခြင်းမရှိသေးဘဲ လွယ်ကျူဆိုင်းမှ ဝမ့်လမ်း တပ်စခန်းကြီးဆီသို့ သာ တပ်ဆုတ် စုစည်းခြင်းဖြစ်ကြောင်း၊ ထို့အပြင် လွယ်ဆမ်ဆုံ တပ်စခန်းလည်း ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ကြားသိရသည်။

“ကျနော်တို့ ခေါင်းဆောင် ပေါက်ယူချမ်းက မိုင်းလားလာတယ် မနေ့က ။ ဒီနေ့ ပြန်သွားတယ်။ လွယ်ကျူ ဆိုင်း တပ်စခန်းကို ပြန်အပ်ဖို့ အမိန့်ပေးတယ်။ ကျနော်တို့လဲ အခု လွယ်ကျူဆိုင်းကနေ ကျနော်တို့ တပ်မှူးရှိတဲ့ ဝမ်နမ့်လမ်း တပ်စခန်းကို ပြောင်းနေတဲ့သဘောပါ။ ပြန်ခွင့်တော့မရသေးဘူး” - ဟု အမည် မဖေါ်လိုသည့် ဝ တပ်မှူး တဦးက ပြောသည်။

လွယ်ကျူဆိုင်းတပ်စခန်းအား မိုင်းလားတပ်ဖွဲ့ ထံပြန်အပ်ပြီးကြောင်း နှစ်ဘက်တပ် ပြောရေးဆိုခွင့် များက အတည်ပြုသော်လည်း မိုင်းလားနယ်မြေမှ ဝ ထွက်ခွါသည် မထွက်ခွါသည် ဆိုသည့် ကိစ္စများ မေးမြန်းမှု အား ဖြေဆိုခြင်း မရှိပေ။
ဝမ့်နမ့်လမ်း တပ်စခန်းသည် ၂၀၀၉ ခုနှစ်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးခံရ စဉ်က မိုင်းလားနယ်မြေသို့ ၀ ဝပ်ဖွဲ့များ ရောက်ရှိ အခြေချနေထိုင်ထားသည့်စခန်းဖြစ်သည်။

လွယ်ကျူဆိုင်း၊ လွယ်ဆမ်ဆုံ၊ ပန်မတ်ဖိုင်း၊ ဝမ့်နောင်ဟုတ်၊ လန်ခိုဆုံ စသည့် မိုင်းလားတပ်ဖွဲ့၏ တပ်စခန်းများမှာမူ ၎င်းတို့မဟာမိတ်ဖြစ်သည့် ဝ တပ်ဖွဲ့က ၂၀၁၆ စက်တင်ဘာ ၂၈ ရပ်က အလှစ်ငိုက် ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ နှစ်ဘက်ညှိနှိုင်းမှုဖြင့် ပန်မတ်ဖိုင်း၊ ဝမ့်နောင်ဟုတ်၊ လန်ခိုဆုံ ဂိတ်စခန်း များ မိုင်းလားတပ်ဖွဲ့ထံ ပြန်လည်အပ်နှံသော်လည်း စစ်ရေးမဟာဗျူအရ အရေးပါသည့် လွယ်ကျူဆိုင်း နှင့် လွယ်ဆမ်ဆုံတပ်စခန်း နှစ်ခု အား ပြန်လည်အပ်နှံခြင်းမရှိပေ။

သို့သော် ဖေဖေါ်ဝါရီ ၂၂ - ၂၄ ရက်နေ့ အထိ ကျင်းပသည့် တတိယ အကြိမ် လက်နက်ကိုင်တော်လှန် ရေးတပ်ဖွဲ့ ထိပ်သီးအစည်းအဝေး မှ ဝ နှင့် မိုင်းလားကြား ပြဿနာအား မိုင်းလား ဒုတိယ ဉက္ကဌ ဦးဆန်းပေ က ဝ ခေါင်းဆောင်နှင့် သီးသန့် တွေ့ဆုံဆွေးနွေး ရာမှ ဝ ဉက္ကဌ ပေါက်ယူချမ်းကိုယ် တိုင် မိုင်းလားသို့ ရောက်ရှိလာပြီး လွယ်ကျူဆိုင်း တပ်စခန်းအား မိုင်းလားတပ်ဖွဲ့ထံ ပြန်လည်အပ်နှံခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
သိမ်းပိုက်ထားသည့် တပ်စခန်းတခုအား ဝ တပ်ဖွဲ့ ခေါင်းဆောင် ပေါက်ယူချမ်း ကိုယ်တိုင် ပြန်လည်အပ်နှံသော်လည်း မိုင်းလားနယ်မြေမှ ၀ တပ်ဖွဲ့များ မထွက်ခွါသေး သိမ်းပိုက်ထားသည့် တပ်စခန်းတခုအား ဝ တပ်ဖွဲ့ ခေါင်းဆောင် ပေါက်ယူချမ်း ကိုယ်တိုင် ပြန်လည်အပ်နှံသော်လည်း မိုင်းလားနယ်မြေမှ ၀ တပ်ဖွဲ့များ မထွက်ခွါသေး Reviewed by THITHTOOLWIN on 16:49 Rating: 5
Powered by Blogger.