ကုန်သွယ်မှုလိုငွေမြင့်တက်မှုကြောင့် ဖြစ်ပေါ်နိုင်သည့်ဆိုးကျိုးများအား ထိန်းချုပ်ရန် စီးပွားရေးပညာရှင်အချို့ အကြံပြု
ကုန်သွယ်မှုလိုငွေပမာဏ မြင့်တက်နေခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအား ထိန်းချုပ်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်သင့်ကြောင်း စီးပွားရေး ပညာရှင်အချို့က အကြံပြုတိုက်တွန်းသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စမှ ယခုနှစ် ဖေဖော်ဝါရီအထိ ကုန်သွယ်မှုလိုငွေ ပမာဏ အမေရိကန်ဒေါ်လာသန်း ၄၂၀၀ နီးပါးရှိနေသည့်အတွက် ငွေကြေးဖောင်းပွခြင်း၊ ကုန်ပစ္စည်းဈေးမြင့်တက်ခြင်း၊ ကျပ် ငွေတန်ဖိုးကျဆင်းခြင်းတို့ဖြစ်ပွားနိုင်ကြောင်း စီးပွားရေးပညာရှင်များကသုံးသပ်ထားသည်။
မလိုလားအပ်တဲ့ ကုန်ပစ္စည်းတွေမသွင်းအောင် ကန့်သတ်နိုင်တဲ့ဘောင်ထဲက ကန့်သတ်ဖို့လိုတယ်။ ဇိမ်ခံပစ္စည်းတွေ၊ နိုင်ငံရဲ့ကျန်းမာရေး၊ လူမှုရေး ထိခိုက်စေနိုင်မယ့်ပစ္စည်းမျိုးတွေပေါ့။ ပြည်တွင်းလုပ်ငန်းတွေက နိုင်ငံတကာအဆင့်မီကုန် ပစ္စည်းတွေ ထုတ်လုပ်နိုင်အောင်၊ အဲဒါတွေကို ပိုအားပေးအောင် လှုံ့ဆော်ရမှာပေါ့။ ပြည်တွင်းက ဒီလိုထုတ်နိုင်ရင် နိုင်ငံခြား ငွေယိုစီးမှုလည်း နည်းသွားမယ်''ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက အကြံပြုသည်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင် နည်းပညာအဆင့်အတန်းနိမ့်ပါးဆဲဖြစ်သည့်အတွက် နိုင်ငံတကာအဆင့်မီကုန် ပစ္စည်းအမျိုးအမည်များ ထုတ်လုပ်နိုင်စေရန်အတွက် နည်းပညာမြှင့်တင်ပေးရန် လိုအပ်ပြီး ထုတ်လုပ်မှုစွမ်းရည်တိုးတက်လာပါက ကုန်သွယ်မှုလိုငွေပမာဏများပြားလျှင်လည်း ပြဿနာ မရှိနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
''ကုန်သွယ်မှုလိုငွေကတော့ ပြမှာပဲ။ ဒီက ပို့ကုန်က ဒါကဒါပဲ ပို့နေရတာ။ သိပ်ထူးထူးခြားခြားမရှိဘူး။ သွင်းကုန်ကလည်း တောက်လျှောက်သွင်းနေရတာ။ တလောက အလှကုန်ပစ္စည်းတင်သွင်းမှုကို ထိန်းချုပ်ဖို့လုပ်တယ်လေ။ ပြန်ပျောက်သွားတာပဲ။ ဒါတွေက သိပ်တားလို့မရဘူး။ သွင်းကုန်များတိုင်းလည်း မကောင်းဘူး ပြောလို့တော့ မရဘူး။ လိုငွေပြတယ်ဆိုတာတော့ မကောင်းဘူး။ အဲဒီတော့ ကုန်သွယ်မှုလုပ်ပြီး ပြန်ဝင်မလာတဲ့ပစ္စည်းတွေ၊ ဒေါ်လာတွေပေါ့လေ။ အဲဒါတွေ ပြန်ဝင်စေချင်တယ်''ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ)က သုံးသပ်သည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေပမာဏ အမေရိကန် ဒေါ်လာသန်း ၉၀ ကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၅၀၀ ကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာသန်း ၄၁၀၀ ကျော်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၅၄၀၀ ကျော် ကုန်သွယ်မှုလိုငွေရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။
နောင်နောင်
News Watch
https://www.facebook.com/NewsWatchJournal
ကုန်သွယ်မှုလိုငွေမြင့်တက်မှုကြောင့် ဖြစ်ပေါ်နိုင်သည့်ဆိုးကျိုးများအား ထိန်းချုပ်ရန် စီးပွားရေးပညာရှင်အချို့ အကြံပြု
Reviewed by THITHTOOLWIN
on
19:03
Rating:
