လက်နက်ကိုင် တောင်းဆိုမှု လက်မခံဟု ကာချုပ်ပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Sun Guoxiang ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မတ်လ ၁ ရက်နေ့က နေပြည်တော်က ဘုရင့်နောင်ရိပ်သာဧည့်ခန်းမမှာ တွေ့ဆုံစဉ်။ Photo: Senior General Min Aung Hlaing FB
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကိုင်အကြမ်းဖက်ပြီး နိုင်ငံရေး လိုအပ်ချက်တောင်းဆိုမှုကို ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံကမှ လက်မခံကြောင်း မနေ့က ပြောကြားလိုက်ပါ တယ်။ မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Sun Guoxiang ဆွန် ဂိုရှန်နဲ့ တွေ့ဆုံရာမှာ သူက အခုလိုပြောကြားခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

နေပြည်တော်က အဲဒီ တွေ့ဆုံပွဲမှာ တရုတ်ကိုယ်စားလှယ်က မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့သူတို့ တရုတ်ပြည်က တိုက်တွန်းခဲ့ကြောင်း ပြောဆိုခဲ့ရာမှာ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တရုတ်နိုင်ငံက မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်း ချမ်းရေး ရရှိစေလိုတာကို မိမိသိပါကြောင်း၊ တိုင်းရင်းသားအဖွဲ့တချို့ NCA ကိုလက်မှတ်မထိုးတာဟာ ငြိမ်းချမ်းရေးမလိုချင်လို့ဖြစ်ကြောင်းနဲ့ မြန်မာ့တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးညီလာခံ အောင်မြင်ဖို့ များစွာမျှော်လင့်ထားကြောင်း  ပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်အစိုးရ အထူးကိုယ်စားလှယ် Sun Guoxiang ဆွန် ဂိုရှန် ဟာ မနေ့ မနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပြီး နေ့လည်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာလည်း မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
လက်နက်ကိုင် တောင်းဆိုမှု လက်မခံဟု ကာချုပ်ပြောကြား လက်နက်ကိုင် တောင်းဆိုမှု လက်မခံဟု ကာချုပ်ပြောကြား Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.