ငပုတောမြို့နယ် တွင် ဝါးတင်ကုန်ကားတစီး တိမ်းမှောက်မှုဖြစ် လူတဦးသေဆုံး


ငပုတောမြို့နယ် စီတောင်ကြီးကျေးရွာ၊ အနောက်ဘက် (၄)မိုင်အကွာ ငှက်ပျောတော တောင်အဆင်းလမ်းပေါ်တွင် ၅.၃.၂၀၁၇ ရက်နေ့ ညနေပိုင်းက ဝါးများတင်ဆောင်လာသော ကုန်ကားတစီး တိမ်းမှောက်မှုဖြစ်ပွားသဖြင့် လူတဦးသေဆုံးကြောင်းသိရသည်။

ဖြစ်စဉ်မှာ စီတောင်ကြီးကျေးရွာ ငှက်ပျောတော တောင်ဘက်မှ ပုသိမ်-မော်တင်ကား လမ်းပေါ်သို့ ယာဉ်မောင်း ကျော်ဆန်းထိုက်(ခ)အငယ်လေး၊ (၃၀)နှစ်၊ (ဘ)ဦးတင်ကြိုင် မောင်းနှင်လာသော ၅ဂ/၅၄၉၁ အစိမ်းရောင်၊ TE(၆)ဘီးတပ်မော်တော်ယာဉ်မှာ ၀ါးများတင်ဆောင်လာပြီး သစ်ထုတ်လုပ်ရေး လမ်းအတိုင်း မောင်းနှင်လာစဉ် ငှက်ပျောတောတောင်အဆင်း ၌ အရှိန်မထိမ်းနိုင်ဘဲ လမ်း၏၀ဲဘက်သို့ တိမ်းမှောက်ခဲ့ပြီး ကားနောက်တွင် လမ်းကြုံလိုက်လာသူ စိုးမင်းအောင်(၃၃)နှစ်၊ (ဘ)ဦးမြင့်ဌေးမှာ ဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးခဲ့ကြောင်းသိရသည်။


ငပုတောမြို့မရဲခန်းမှ ဒုရဲအုပ် စဟိန်းမင်းထွန်းသည် ၅.၃.၂၀၁၇ ညနေ၌ ကွင်းချောင်းကျေးရွာတွင် နယ်မြေသတင်းသွားရောက် စုံစမ်းနေစဉ် သတင်းအရ ယာဉ်မှောက်မှုဖြစ်ပွားရာနေရာသို့ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကာ ကျော်ဆန်းထိုက်(ခ)အငယ်လေးအား ငပုတောမြို့မရဲစခန်း မှ ယာဉ်(ပ)၁၀/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၀၄-က/၂၇၉ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဓါတ်ပုံ - ဧရာဝတီတိုင်းရဲတပ်ဖွဲ့
မောင်ရဲနိုင် (၆.၃.၂၀၁၇)
The Ayeyarwaddy Times
https://www.facebook.com/ayetimes
ငပုတောမြို့နယ် တွင် ဝါးတင်ကုန်ကားတစီး တိမ်းမှောက်မှုဖြစ် လူတဦးသေဆုံး ငပုတောမြို့နယ် တွင် ဝါးတင်ကုန်ကားတစီး တိမ်းမှောက်မှုဖြစ် လူတဦးသေဆုံး Reviewed by THITHTOOLWIN on 17:37 Rating: 5
Powered by Blogger.