၅၀၀ ကျပ်တန်ထီ ကျပ်သိန်းတသောင်းနှင့် သူဌေးလောင်းအိပ်မက်


ယနေ့ မတ်လ ၁ ရက်တွင် ၅၀၀ ကျပ်တန် အောင်ဘာလေထီ လက်မှတ်များကို အများပြည်သူသို့ စတင်ရောင်းချပေးပြီ ဖြစ်သည်။ ထီတစောင် ၅၀၀ ကျပ် ဖြစ်သည့်အတွက်ကြောင့်လည်း ထီထိုးကံစမ်းသည့်အခါ ယခင်ကကဲ့သို့ ၁၀ ဆယ်စောင်တွဲ၊ အုပ်လိုက်ကံစမ်းသူများထက် စောင်ရေအလိုက် ကံစမ်းသူများပိုများ လာနိုင်သည်ဟု ထီကိုယ်စားလှယ်လုပ်ငန်းရှင်များက ခန့်မှန်းသုံးသပ်နေကြသည်။

''၅၀၀ တန်ထီကို ဒီနေ့စရောင်းတယ်။ ခါတိုင်းဆိုရင် ဒီနေ့ထီဖွင့် တော့ နောက်နေ့မှ ထီစရောင်းတယ်။ အခု ၅၀၀ တန်ထီတွေကို ကိုယ်စား လှယ်တွေဆီမှာ ရရှိပြီးလည်းဖြစ်တယ်။ ဒီနေ့စတာဖြစ်တဲ့အတွက် ဒီနေ့ပဲ ထီတစောင်ကို ၅၀၀ နဲ့ပဲ ရောင်းပေးပါတယ်။ သူက အက္ခရာအလုံး ၃၀ ရောင်းမှာဖြစ်တဲ့အတွက် တစောင်ကို ၅၀၀ နဲ့ဆိုရင် ထီတအုပ်အစောင် ၃၀ ကို ကျပ် ၁၅,၀၀၀ ကျမှာပေါ့။ သာမန်လက်လုပ်လက်စားကတော့ စောင်ရေအလိုက်ပဲ ထိုးဖို့များပါတယ်။ ဒါကြောင့် ဒီနေ့ စ,စဖွင့်ချင်းကိုပဲ တစောင်ချင်းကနေ စရောင်းပေးပါတယ်''ဟု ရန်ကုန်မြို့ ၂၇ လမ်းအတွင်းရှိ အောင်ဘာလေထီအရောင်းကိုယ်စားလှယ်တဦးက ပြောသည်။

ပထမအကြိမ်မြောက် ၅၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ် တွင်“'က'အက္ခရာမှ 'သ'အက္ခရာအထိ အက္ခရာ (၃၀)လုံး၊ အရန်ထီအဖြစ် 'ဟ'အက္ခရာနှင့် 'ဠ'အက္ခရာ ('အ'အက္ခရာ မပါဝင်) အပါအ၀င် အရန်ထီ 'ကက' အက္ခရာမှစ၍ ရောင်းချပေးသွားမည်ဟု သိရသည်။ မတ်လ ၁ ရက်နေ့တွင် အက္ခရာ ၃၀ လုံး ထီလက်မှတ်များကို ထီကိုယ်စား လှယ်ကြီးမျာကတဆင့် အများပြည်သူများကို စတင်ရောင်းချခဲ့ပြီး ထပ်မံ ၀ယ်ယူလိုသူများရှိပါက ကျပ် ၅၀၀ တန် အရန်ထီလက်မှတ်စာအုပ်များကို အနည်းဆုံးအုပ်ရေ ၁၀၀ နှင့် အထက်ဝယ်ယူလိုသူများအား ဘဏ်ငွေသွင်း ချလန် (TF-1) ဖြင့် အောင်ဘာလေသိန်းဆုဌာနခွဲတည်ရှိရာ အမှတ် ၃၈၄၊ မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်တွင် မတ်လ ၃ ရက်မှ ၂၄ ရက်အထိ ရောင်းချပေးသွားမည်ဟု သိရသည်။

ကျပ် ၅၀၀ တန် အောင်ဘာလေထီတွင် ဆုမဲများမှာ အမြင့်ဆုံးဆု ကျပ်သိန်းတသောင်း (ကျပ်သိန်း ၁၀၀၀၀)နှင့်ကျပ်သိန်း ၅၀၀၀၊ ကျပ်သိန်း ၁၀၀၀ နှင့် ဆုများပါဝင်ပြီး အနိမ့်ဆုံးဆုမဲမှာ ကျပ် ၅၀၀၀၀ ဖြစ်ကြောင်း သိရသည်။ ယင်းကြောင့်လည်း ကျပ် ၂၀၀မှ ကျပ် ၅၀၀ သို့ ဈေးနှုန်းမြင့်သွားသော အောင်ဘာလေထီတွင် ဆုကြေးမှာလည်း ကျပ်သိန်းတသောင်း အထိမြင့်တက်သွားရာ သူဌေးလောင်းအဖြစ် စိတ်ကူးယဉ်ဖွယ်ရာကောင်းလှသည်။ သို့သော် အများပြည်သူမျှော်လင့်ထားသကဲ့သို့ ပြည်သူလူထုအတွင်း ကံစမ်းသူများထွက်ပေါ်မည်လား၊ ငွေဖြူလုပ်ချင်သူတို့အတွက် ဈေးကွက်ကြီးဖြစ်ပေါ်နေမည်လားဆိုသည်မှာ လေ့လာရမည်ပင် ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် အောင်ဘာလေထီလက်မှတ်၏ စည်း ကမ်းချက်တွင် ဆုရလက်မှတ်တင်ပြသူကိုသာလျှင် ဆုငွေရထိုက်သည်ဟု အသိအမှတ်ပြုထားသောကြောင့်ပင်ဖြစ်သည်။ ယင်းအပြင် ရရှိသည့် ဆုငွေအပေါ် ၀င်ငွေခွန်ပေးဆောင်ရန်မလိုအပ်ပေ။

ယခု စတင်ရောင်းချလိုက်သော ၅၀၀ ကျပ်တန် အောင်ဘာလေ ထီစနစ်သည် ကျပ် ၂၀၀ တန်ကဲ့သို့ပင် ကိုယ်စားလှယ်များမှတဆင့် ဖြန့်ဖြူးရောင်းချခြင်းပင်ဖြစ်သည်။ အဆိုပါ ၅၀၀ ကျပ်တန် ထီလက်မှတ်များကို တနိုင်ငံလုံးရှိထီအရောင်းကိုယ်စားလှယ် ၂၀၀၀ ကျော်က ဖြန့်ချိရောင်းချပေးသွားမည်ဖြစ်သည်။

ယခင်ကကဲ့သို့ပင် ကိုယ်စားလှယ်စနစ်ဖြင့် အဆင့်ဆင့်ဖြန့်ဖြူးရောင်းချသည့်စနစ်ကို ကျင့်သုံးမည်ဖြစ်သည့်အတွက် ထီကံစမ်းမည့် ပြည်သူများအနေဖြင့် ထီလက်မှတ်ဈေးကို မူရင်းထက် မြင့်မားမည်ကိုလည်း စိုးရိမ်နေကြသည်။ သို့ရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ၂၀၁၇ ရက်နေ့ ဖေဖော်ဝါရီ ၂၈ ရက်က ကြေညာချက်တစောင်ထုတ် ပြန်ခဲ့ပြီး ၅၀၀ ကျပ်တန် ထီလက်မှတ်များ ရောင်းချခြင်းနှင့်ပတ်သက်၍ ထီလက်မှတ်ပေါ်တွင် ရိုက်နှိပ်ထားသော မူရင်းထီလက်မှတ်တန်ဖိုးအတိုင်း ရောင်းချရန်နှင့် တန်ဖိုးအတိုင်း ရောင်းချခြင်းမပြုပါက ပဋိညာဉ်စာချုပ်ပါ အတိုင်း ထီကိုယ်စားလှယ်အား အမည်ပျက်စာရင်း Blacklist အဖြစ်သတ်မှတ်မည်ဟု ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် လစဉ်ထီစာအုပ်ဝယ်ယူခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်း၊ ထီအရောင်းကိုယ်စားလှယ်ကဌာနသို့ ပေးသွင်းထားသည့်အာမခံငွေ Deposit အား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။

ထီထိုးကံစမ်းမည့် ပြည်သူများအနေဖြင့်လည်း ထီတစောင်ချင်းဖြစ်စေ၊ အတွဲလိုက်ဖြစ်စေ၊ အုပ်လိုက်ဖြစ်စေ မူရင်းဈေးနှုန်းအတိုင်း ရောင်းချသည့်ဆိုင်များတွင်သာ ၀ယ်ယူကံစမ်းကြရန်နှင့် ဈေးပိုရောင်းသည်များကို တွေ့ရှိပါက ဆက်သွယ်တိုင်ကြားနိုင်သည့်ဌာန၏ ဖုန်းနံပါတ်များကိုလည်း ထည့်သွင်းကြေညာခဲ့သည်။

ယင်းကဲ့သို့သော ကြေညာချက်တို့ကြောင့် မူရင်းထီကိုယ်စားလှယ်ကြီးမျာမှာ ထီလက်မှတ်များကို ကျပ် ၅၀၀ ဖြင့်ပင် ရောင်းချပေးခဲ့ကြ သော်လည်း ယခင်ကကဲ့သို့အမြတ်ဝေစုရရှိနိုင်မှု နည်းပါးနိုင်မည်ဟု မျှော်မှန်းထားကြကြောင်း စုံစမ်းသိရှိရသည်။ ယခင်ထီစနစ်တွင် နံပါတ်အလှ၊ အက္ခရာအလှ၊ အပူးအခွစသည်ဖြင့် အမျိုးမျိုးတွဲစပ်ကာ ဈေးနှုန်း ပြောင်းလဲရောင်းချမှုများရှိပြီး အခြားသော မက်လုံးပေးထားသည့် သုံးလုံးတိုက်၊ ငါးလုံးတိုက် စသည့်တို့ကြောင့်လည်း ထီဈေးနှုန်းမှာ မူရင်းထက် ပိုမိုဈေးတင်ရောင်းချခဲ့ကြသည်။ ယခုစတင်လိုက်သည့် ၅၀၀ ကျပ်တန် ထီစနစ်တွင် ဈေးပိုတင်ရောင်းခြင်းမပြုရန် ကြေညာချက်ထုတ်ပြန်ခဲ့သည့် အပြင် ဈေးတင်ရောင်းချသော ဆိုင်များမှလည်း ၀ယ် ယူကံစမ်းခြင်းမပြုရန် သတိပေးထားသည်။ ထီထိုး ကံစမ်းသူများအနေဖြင့်လည်း ကျပ် ၅၀၀ ထက် ပိုမိုပေးဆောင်ကာ ကံစမ်းကြရန် အခွင့်အလမ်းနည်းပါးလွန်းသော ကြောင့် ၅၀၀ ကျပ်တန်ထီသည် ထီကိုယ်စားလှယ်များအတွက် ယခင်ကကဲ့သို့ တွက်ခြေကိုက် အမြတ်များနိုင်သည့် အနေအထားမရှိနိုင်ဟု သိရသည်။ ထီထိုးကံစမ်းသူ ပြည်သူများအတွက်မူ ထီစနစ်သည် ပြည်သူ လူထုနှင့်နီးစပ်ခြင်း ရှိ၊ မရှိ အများပြည်သူများ၏လက်ထဲမှ အမှန်တကယ် ထီပေါက်သူ ထွက်ပေါ်ခြင်းရှိ၊ မရှိမှာလည်း ရေတိုရေရှည်စောင့်ကြည့်လေ့လာရမည်ဟု ထီစနစ်အပေါ် လေ့လာသုံးသပ်နေသူများက ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ထီပေါက်ခြင်းဖြင့် ၀င်ငွေခွန်ပေးဆောင်ရန် မလိုခြင်းအပြင် တရားဝင်ငွေဖြူပြနိုင်သောကြောင့်ပင်ဖြစ်သည်။

''ဒီနေ့ ၅၀၀ တန် ထီစရောင်းတော့ ပထမဦးဆုံး စ,စချင်းနေ့မှာ ကံစမ်းချင်တာလည်းပါပါတယ်။ ဒါပေမဲ့ တစောင် ၅၀၀ ဆိုတော့ တစောင် နှစ်စောင်ချင်းပဲ ထိုးဖြစ်တယ်။ ခါတိုင်း ၂၀၀ တန်တုန်းကလည်း သုံးစောင်တွဲ၊ ငါးစောင်တွဲလောက်ပဲ ထိုးတာပါပဲ။ ၂၀၀ တန်တုန်းကလည်း ထီတစောင်ကို ၃၀၀၊ ၃၅၀ ပေးရတော့ အုပ်လိုက်မထိုးနိုင်ပါဘူး။ အခုက သိန်းတသောင်းဆိုတော့လည်း ကံစမ်းချင်တာလည်းပါတယ်''ဟု ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အနှေးယာဉ်လုပ်သားတဦးက ဆိုသည်။

ယခု မတ်လ ၁ ရက်တွင် ကျပ် ၅၀၀ တန် ထီလက်မှတ်များကို စတင်ရောင်းချလိုက်ပြီဖြစ်သော် လည်း ကျပ် ၂၀၀ တန် အောင်ဘာလေထီလက်မှတ်များကိုလည်း ဆက်လက်ရောင်းချသွားဦးမည်ဟု ပြည် တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ မှ သိရသည်။ သို့ရာတွင် လာမည့် ဧပြီ ၁ ရက်တွင် ဖွင့်လှစ်မည့် ၃၃၉ ကြိမ်မြောက် ၂၀၀ ကျပ်တန် အောင်ဘာလေထီတွင် 'က'အက္ခရာမှ 'ဂ'အက္ခရာ အထိ အက္ခရာသုံးလုံးသာ ထုတ်ဝေရောင်းချသွားမည် ဟု သိရသည်။ ဆုကြေးကျပ်သိန်းတသောင်းရရှိမည့် ကျပ် ၅၀၀ တန် ထီလက်မှတ်များ စတင်ရောင်းချခြင်း၊ ကျပ် ၂၀၀ တန် ထီလက်မှတ်သည် အက္ခရာသုံးလုံး သာရောင်းချမည်ဖြစ်ခြင်းတို့ကြောင့် လူအများစိတ် ၀င်စားမှုနည်းပါးပြီး ထီကိုယ်စားလှယ်လုပ်ငန်းရှင်များ အနေဖြင့် ၂၀၀ ကျပ် တန်ထီလက်မှတ်၏ရောင်းအား ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းထားကြသည်။ အဆိုပါ ကျပ် ၂၀၀ တန် အောင်ဘာလေထီလက်မှတ်၏ဆုမဲမှာ ယခင်ကဲ့သို့ပင် အမြင့်ဆုံးဆု ကျပ်သိန်း ၁၅၀၀ ဖြစ်ပြီး ကျပ်သိန်း ၁၀၀၀ ဆု မပါဝင်တော့ဘဲ ကျပ် သိန်း ၁၀၀၊ ကျပ်သိန်း ၅၀ ဆုများ ပါဝင်မည် ဖြစ်ပြီး အနိမ့်ဆုံးဆုမဲမှာ ကျပ်တသိန်းဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

မြန်မာနိုင်ငံသူနိုင်ငံသားတို့သည် ထီထိုးကံစမ်း လေ့ရှိသော်လည်း ထီပေါက်ကံနည်းလွန်းသည်ဆိုသော ဖြစ်နိုင်ချေရာခိုင်နှုန်းနည်းမှုအပေါ် ထီထိုးကံစမ်းခြင်းကို မကြိုက်နှစ်သက်သူများလည်း ရှိသည်။ နှစ်ပေါင်းများစွာ ထီထိုးကံစမ်းလာသူတယောက်အနေ ဖြင့် ထီထိုးမည့် ငွေကြေးအား လစဉ်ပုံမှန်စုဆောင်း လာပါက မည်မျှရနိုင်သည်ဟု တွက်ချက်သူများရှိသလို ထီထိုးသည့်သူသာလျှင် ထီပေါက်ကိန်းရှိနိုင်သည် ဟူသော ယူဆချက်ဖြင့်လည်း လစဉ် မိမိတို့ဝင်ငွေ၏ အနည်းငယ်မျှသော ပမာဏကို ထီထိုးကံစမ်းလေ့ရှိ ကြသည်။

ယင်းအပြင် ခေတ်အဆက်ဆက် ထီလုပ်ငန်းတွင် ထီတခေတ်ဆန်းသည့်ကာလများရှိခဲ့ပြီး အပြိုင်အဆိုင် ကြော်ငြာခြင်း၊ ထီဆုကြီးပေါက်သူများအား အပိုဆု မော်တော်ယာဉ်ချီးမြှင့်ခြင်း၊ ကိုယ်စားလှယ်ဆိုင်ခွဲအား ဆုချီးမြင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ထိုမှတဖန် အပိုဆုပေးသည့်စနစ်ကိုလည်း တွင်တွင်ကျယ်ကျယ် ဆောင်ရွက်ခဲ့ကြပြန်သည်။ သိန်း ၁၀၀၀ ပေါက်သူကို အပိုဆု ကျပ်သိန်း ၅၀၀ ထပ်ဆောင်း ချီးမြှင့်ခြင်းဖြင့် ထီထိုးကံစမ်းလိုသူတို့ကို ဆွဲဆောင်ကာ အပြိုင်အဆိုင်လုပ်ကိုင်ခဲ့ကြသည်။ ထို့နောက် အပိုဆု ကြေးစနစ်ကို ခွင့်မပြုတော့ဘဲ နိုင်ငံတော်မှ ချီးမြှင့်သည့်ဆုကြေးအတိုင်းသာ ဆောင်ရွက်စေရာ ယင်းတွင် လည်း ထီလက်မှတ်ပိုင်ဆိုင်သူသည်သာလျှင် ဆုကြေးခံစားခွင့်ရှိမည်ဖြစ်သည့်အတွက် ထီပေါက်သောသူထံမှ ထီလက်မှတ်ပြန်ဝယ်ခြင်းသည်လည်း ဈေးကွက် တမျိုးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

ယင်းကြောင့် ထီစနစ်သည် မှန်မှန်ကန်ကန်ဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိစေရန် လိုအပ်မည်ဖြစ်ပြီး မမှန်မကန်ဆောင်ရွက်၍ မရရန် လည်း ကြပ်မတ်ဆောင်ရွက်သင့်သည်ဟု ထီကံစမ်းသူ ပြည်သူများက တိုက်တွန်းကြသည်။ အချို့နိုင်ငံများ တွင် အသုံးပြုနေသည့် e-Lottery စနစ်ကို ကျင့်သုံး နိုင်မည်ဆိုပါက ကိုယ်စားလှယ်အဆင့်ဆင့် ရောင်းချ နေမှုများ ပျောက်ကွယ်သွားမည်ဖြစ်ပြီး ထီထိုးကံစမ်း သူကိုယ်တိုင် အင်တာနက်မှတဆင့် ထီထိုးကံစမ်းနိုင်မည်ပင်ဖြစ်သည်။ သို့သော် ယင်းစနစ်ကို ဆောင်ရွက် ရန်မှာ ညှိနှိုင်းဆဲပင်ရှိသေးပြီး ခေတ်မီနည်းပညာနှင့် ငွေအရင်းအနှီးများလိုအပ်ကြောင်း သိရသည်။ လက်ရှိတွင် ကိုယ်စားလှယ်မှတဆင့် ဖြန့်ဖြူးသည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်သည့်အတွက် ဈေးနှုန်းတိုးမြှင့် ထားသောဆိုင်များကို သက်ဆိုင်ရာသို့ တိုင်ကြားရန်သာဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု၊ နေပြည်တော်ကောင်စီနယ်မြေအပါအ၀င် ဒေသအသီးသီးသို့ ထီကိုယ်စားလှယ်စုစုပေါင်း ၂၃၁၉ ဦး ထံသို့ ထီစာအုပ် ၂၈၈၆၉၉၉ အုပ်၊ ထီလက်မှတ်စောင်ရေပေါင်း ၃၁၇၅၆၉၈၉ စောင် ဖြန့်ဝေပေးပို့ထားပြီဖြစ်သည်ဟု သိရသည်။ အဆိုပါ ထီလက်မှတ်များအပြင် အရန်ထီလက်မှတ်များကိုလည်း ဆက်လက်ရောင်းချမည်ဖြစ်ရာ ပထမအကြိမ် ၅၀၀ ကျပ်တန် အောင်ဘာ လေထီဖွင့်လှစ်မည့် ဧပြီ ၁ ရက်မတိုင်ခင် တပတ်အလိုတွင် ရောင်းချရသည့် ထီလက်မှတ်၊ ထီအုပ်များနှင့် ပြန်လည်ခွဲဝေပေးမည့် ဆုကြေးများကိုသိရှိနိုင်မည်ဖြစ် သည်။ အောင်ဘာလေထီစနစ်သည် ရောင်းချရငွေများ ၏ ၆၀ ရာခိုင်နှုန်းကို ဆုမဲများအဖြစ် ပြန်လည်ခွဲဝေ ပေးသောကြောင့်ဖြစ်သည်။

လက်ရှိတွင် ပထမအကြိမ် ၅၀၀ ကျပ်တန် ထီဆုမဲများအတွက် ထီလက်မှတ်များ စတင်ရောင်းချ သည့်ကာလဖြစ်သည့်အတွက် အများပြည်သူစိတ်ဝင်စားလျက်ရှိသည့်အပြင် ကျပ်သိန်းတသောင်းနှင့်သူဌေး လောင်းအိပ်မက်ကိုလည်း စိတ်ကူးယဉ်မျှော်လင့်နေကြပြီဖြစ်သည်။ ထီဈေးနှုန်းသည် ထီဖွင့်ရက်နီးလာ သည်နှင့်အမျှ မြင့်တက်လေ့ရှိတတ်သည်။ ထီကံစမ်း သူများအနေဖြင့်လည်း လကုန်နီးရက်များတွင်သာ ကံစမ်းလေ့ရှိတတ်ရာ ၅၀၀ ကျပ်တန် အောင်ဘာလေထီစနစ်တွင် ထီဈေးနှုန်းမှာ ကြိုတင်ကြေညာသတိပေး ထားသည့်အတိုင်း ရောင်းချမည်လား၊ ထို့အတူ ကျပ်သိန်းတသောင်းအပါအ၀င် ဆုကြေးများအပေါ် အများ ပြည်သူကံစမ်းသူများ ပျော်ရွှင်စွာရရှိခံစားကြမည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။ ဟိုးယခင် က သီချင်းစာသားလေးတွင်ပါခဲ့သည့် ၂ ကျပ်ဖိုးနှင့် သိန်းထီတိုးဆိုသည့် ၂ ကျပ်တန်ထီ ကျပ်တသိန်းဆုမှ သည် ယခုကျပ် ၅၀၀ တန် ဆုကြေး ကျပ်သိန်း တသောင်းတွင် သူဌေးဖြစ်နိုင်ခြေရှိ၊ မရှိဆိုသည်မှာ။

ရှင်းသန့်လွင်
News Watch
https://www.facebook.com/NewsWatchJournal
၅၀၀ ကျပ်တန်ထီ ကျပ်သိန်းတသောင်းနှင့် သူဌေးလောင်းအိပ်မက် ၅၀၀ ကျပ်တန်ထီ ကျပ်သိန်းတသောင်းနှင့် သူဌေးလောင်းအိပ်မက် Reviewed by THITHTOOLWIN on 11:05 Rating: 5
Powered by Blogger.