ဆင်တွေရဲ့ အနာဂတ် ဘယ်လို ဖြစ်လာမလဲ


လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ တုန်းက ကမ္ဘာပေါ်မှာ ဆင် ၁၀ သန်း ရှိခဲ့ပါတယ်။

ဒါပေမယ့် ဥရောပ၊ အမေရိကန်၊ ဂျပန် နိုင်ငံတွေမှာ ဆင်စွယ် ရောင်းဝယ်ဖောက်ကားမှု စီးပွားလုပ်ငန်း ဈေးကွက် ထွန်းကားလာပြီး နောက်ပိုင်းမှာ ဆင်တွေဟာ မျိုးတုံး ပျောက်ကွယ်လု ဖြစ်ခဲ့ရပါတယ်။

နောက်ပိုင်းမှာ ဆင်စွယ် ရောင်းဝယ်မှု ဈေးကွက်ဟာ တရုတ်နိုင်ငံကို ပြောင်းရွှေ့သွားပြီး အခု မျက်မှောက်မှာတော့ တရုတ်ပြည်ကြီးက ဆင်စွယ် ဝယ်ယူမှု အများဆုံး ဖြစ်နေပါတယ်။ ကမ္ဘာ့ ဆင်စွယ် ဝယ်လိုအား ၇၀ % က တရုတ်နိုင်ငံက ဖြစ်ပါတယ်။

တရုတ်ပြည်မှာ ဆင်စွယ်နဲ့ လုပ်ထားတဲ့ ပစ္စည်းတွေကို တန်ဖိုးကြီး ဝယ်ယူလေ့ရှိပြီး ဈေးနှုန်းဟာ ဒေါ်လာ ထောင်ချီ ရှိပါတယ်။

လက်ရှိအချိန်မှာ အာဖရိကဆင် အရေအတွက် ဟာ ၅၀၀,၀၀၀ အောက် ရောက်နေပါပြီ။ ဆင်စွယ်ရလိုမှု အတွက် သတ်ဖြတ်ခံရခြင်းကြောင့် အာဖရိကဆင် အရေအတွက်ဟာ ကျဆင်းသွားခဲ့ရတယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။ လာမယ့် ဆယ်စုနှစ် တခု အတွင်းမှာ သဘာဝ ဆင်ရိုင်း မရှိတော့သလောက် ဖြစ်မယ့် အနေအထား ဖြစ်လာနိုင်ပါတယ်။

၂၀၀၈ ခုနှစ်တုန်းက တရုတ်နိုင်ငံဟာ ဆင်စွယ် အရန် လယ်ဝယ် စုဆောင်း ထားနိုင်ဖို့ အတွက် အာဖရိကတိုက်ကနေ ဆင်စွယ် ၆၂ တန် ဝယ်ယူဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ ဆင်စွယ်ဝယ်လိုအားကို ထိန်းညှိ ကွပ်ကဲနိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် ဒီလို တရားဝင် ခွင့်ပြုခဲ့ခြင်းက ဆင်စွယ် တန်ချိန် ၁,၀၀၀ အထိ မှောင်ခို တင်သွင်းနိုင်ဖို့ အတွက် အကာအကွယ် ဖြစ်သွားခဲ့ပါတယ်။

ဒါကြောင့် အခု ဆိုရင် တရုတ်နိုင်ငံဟာ တရားဝင် ဆင်စွယ် တင်သွင်း ရောင်းဝယ်ဖောက်ကားခွင့် ကို ပိတ်ပင်နေပါပြီ။ စက်ရုံပေါင်း ၄၃ ရုံနဲ့ ဆိုင်ပေါင်း ၁၃၈ ဆိုင် ဟာ ပိတ်ရတော့မယ် အခြေအနေပါ။ ဟောင်ကောင်က ဆင်စွယ်ဈေးကွက်ကိုလည်း ထိခိုက်ပါမယ်။

ဈေးကွက်မှာလည်း ဆင်စွယ် တန်ဖိုးဟာ ၁ ကီလို ဒေါ်လာ ၂,၀၀၀ ရှိနေရာကနေ ဒေါ်လာ ၇၀၀ အထိ ကျဆင်းသွားပါတယ်။

တရုတ်ရဲ့ မူဝါဒအသစ်ဟာ ဆင်သတ်ဖြတ်မှု တားဆီးနိုင်ရေး တိုက်ပွဲ အတွက် အလှည့်အပြောင်း အဖြစ် ဆင်ကာကွယ်ရေး လှုံ့ဆော်သူတွေက ယူဆကြပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံက တရားမဝင် ဆင်စွယ် မှောင်ခို ရောင်းဝယ်မှု ဈေးကွက်ကြီး ဆက်ရှိနေဦးမလား ဆိုတဲ့ မွေးခွန်းကတော့ ရှိနေပါတယ်။

တရုတ်နိုင်ငံက အရန် ဝယ်ယူထားတဲ့ ဆင်စွယ်တွေကကော ဘာဖြစ်လာမလဲ ဆိုတဲ့ မေးခွန်းလည်း ကျန်နေပါသေးတယ်။

ဆင်တွေရဲ့ အနာဂတ် ရှင်သန်ရေးက ဒီမေးခွန်းတွေရဲ့ အဖြေ အပေါ်မှာ မူတည်နေပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese

ဆင်တွေရဲ့ အနာဂတ် ဘယ်လို ဖြစ်လာမလဲ ဆင်တွေရဲ့ အနာဂတ် ဘယ်လို ဖြစ်လာမလဲ Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.