ကျိုက်ထိုတွင် မြေတူးရာမှ ရွှေ တပိဿာကျော်ရှိ တွေ့ရှိ


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာရှိ ခြံဝင်းတခုအတွင်း မတ်လ (၁၇) ရက်နေ့က လမ်းမြေဖို့ရန်အတွက် မြေတူးဖော်နေစဉ် အချင်း(၂)လက်မခန့်ရှိ ခွက်ပုံသဏ္ဍာန် ရွှေပြား(၃၉၀)ပြား၊ အလေးချိန်(၁)ပိဿာနှင့်(၁၀)ကျပ်သား တူးဖော်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

"ကျွန်တော်တို့ လမ်းကရွှံ့မြေလမ်းဖြစ်နေတယ်။ ဒါကိုပြုပြင်ဖို့ နိုင်ငံတော်ဘတ်ဂျတ်နဲ့လမ်းခင်းနေတာ လမ်းအတွက်မြေလိုတယ်ဆိုလို့ ကျွန်တော်လည်း လှူချင်စိတ်ပေါက်လာလို့ ခြံထဲကမြေကြီးကို ပေးတူးလိုက်တာပါ။ လမ်းလုပ်တဲ့အဖွဲ့က မနက်(၇)နာရီလောက်ကစပြီး ဘက်ဟိုးနဲ့လာကုတ်ပါတယ်။ မနက်ပိုင်းတူးနေချိန်မှာဘဲ မြွေပွေးတကောင် အရင်ထွက်လာတယ်။ ညနေ(၄)နာရီနဲ့ (၅)နာရီကြားမှာတော့ ရွှေတွေထွက်လာတာပါ"ဟု ခြံပိုင်ရှင်ကိုဇာနည်က News Watch သို့ ပြောသည်။


"အခုရထားတဲ့ရွှေတွေကိုလည်း ဒီမှာရှိတဲ့ဘုရားတွေ ပြုပြင်ရာမှာ အသုံးပြုသွားမှာပါ။ ကျွန်တော်အပါအဝင် လမ်းခင်းနေတဲ့အဖွဲ့ကလူတွေအားလုံးလည်း သာသနာ့ဘောင်ကို ဝင်ကြမှာပါ။ ဒီမှာရှိတဲ့အစောင့်တွေကိုလည်း ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတန်းပေးချင်တာလည်း ပါတာပေါ့။ ကျိုက်ထိုမြို့နယ်က သုတေနအဖွဲ့ကလည်း ဒီဟာက သုတေသနထဲမပါဘူးလို့ ပြောပါတယ်။ မြေကြီးထဲကထွက်လာတဲ့ ရွှေတွေဆိုတာကလည်း မက်မောစရာ မဟုတ်ပါဘူး။ ကြောက်စရာကြီး"ဟု ၎င်းကဆက်လက်ပြောသည်။

ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာ၊ အမှတ်(၄)ရပ်ကွက်နေ ဦးဇာနည်(၃၁)နှစ်၏ တောခြံတွင် လမ်းမြေဖို့ရန်တူးဖော်စဉ် အချင်း (၂) လက်မခန့်ရှိ ခွက်ပုံသဏ္ဍာန် ရွှေဟုထင်ရသော အပြား(၃၉၀) ပြား၊ အလေးချိန်(၁)ပိဿာ(၁၀)ကျပ်သားတို့အား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့်အတူ ဒုမြို့မရဲစခန်းမှူးဦးစီးသည့်တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ပြီး ရွှေပန်းတိမ်ဆရာ ဦးဘငွေ(ခ)ဦးသံကွင်းဖြင့် ထပ်မံစစ်ဆေးရာတွင် ရွှေဖြစ်ကြောင်းအတည်ပြုပြောပြသိရှိရသဖြင့် အုပ်ချုပ်ရေးမှူးဦးမြင့်လွင်ထံတွင် သိမ်းဆည်းထားရန်နှင့် ရှေးဟောင်းသုတေသနအဖွဲ့တို့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခေါက်ချိုး
News Watch
https://www.facebook.com/NewsWatchJournal
ကျိုက်ထိုတွင် မြေတူးရာမှ ရွှေ တပိဿာကျော်ရှိ တွေ့ရှိ ကျိုက်ထိုတွင် မြေတူးရာမှ ရွှေ တပိဿာကျော်ရှိ တွေ့ရှိ Reviewed by THITHTOOLWIN on 15:52 Rating: 5
Powered by Blogger.