လက်ပံတောင်းတွင် ကျောက်ကားများ တားဆီးသည့် ဒေသခံများ သေနတ်ပစ်ခတ်ခံရ ၁၅ ဦးခန့် ဒဏ်ရာရ


မုံရွာ၊မတ်-၂၄

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသို့ ပေးသွင်းနေသည့် ကျောက်သယ်ကားများကို တားဆီးသည့် ဒေသခံ တောင်သူများအား လုံထိန်းရဲများမှ သေနတ်များဖြင့် ပစ်ခတ်၍ လမ်းဖွင့်မောင်းနှင်မှုကြောင့် ဒေသခံပြည်သူ ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

မတ်လ ၂၄ ရက် ညနေပိုင်းက မိုးကြိုးပြင်ကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းတွင် ကျောက်သယ်ကားများတား ဆီးနေသည့် ဒေသခံပြည်သူများအား လုံထိန်းရဲ ၁၀၀ ခန့်က ရာဘာကျည်ဇံများဖြင့် အချက်ရေ ရာဂဏန်းဝန်း ကျင်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။


“ဝမ်ပေါင်ကို ပို့နေတဲ့ ကျောက်ကားတွေက ၈၀၀ လောက်ရှိတယ်၊ ကားတွေက အခေါက်ရေနဲ့ ပေးတာဆိုတော့ အပြိုင်အဆိုင် မောင်းကြတယ်၊ လမ်းသွားလမ်းလာတွေနဲ့ ဒေသခံတွေမှာ သွားလာရတာ အခက်အခဲဖြစ်တယ်၊ လူတွေ နွားတွေ သိုးတွေ တိုက်မိတဲ့အခါ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး၊ မောင်းထွက်ပြေးတယ်၊ ဘယ်ကား တိုက်သွားတာမှန်းလည်း မသိရဘူး၊ ထိထိရောက်ရောက် အရေးယူပေးတာလည်းမရှိဘူး၊ ဒီတိုင်းပစ်ထားရင် ပိုးဆိုးမှာစိုးလို့ အခုလိုတားမြစ်ရတာပါ” ဟု မိုးကြိုးပြင်အလယ်ရွာမှ ကိုလပြည့် ကပြောသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများတွင် ဦးခေါင်း၊ လက်၊ ခြေထောက်၊ တင်ပါး၊ ကျော စသည်တို့ တွင် ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
ဒေသခံတောင်သူများမှ မိုးကြိုးပြင်ကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းတွင် “စည်းကမ်းမဲ့ ကျောက်ကားများနှင့် ကြေးသယ်ကားများမှအပ အခြားမည်သည့်ကားမဆို မောင်းနှင်ခွင့်ပြုသည်” ဟု ရေးသားထားသည့် ဆိုင်းဘုတ် ချိတ်ဆွဲကာ ကျောက်ကားများအားတားဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုးကြိုးပြင်ကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းတွင် ဒေသခံတောင်သူများမှ ကျောက်သယ်ကားများအား တားဆီးခဲ့ဖြင့် လမ်းများပေါ်တွင် ဆူပူလှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့် လူ ၅ ဦးနှင့် ၅ ဦးထက်ပို၍ စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ အော်ဟစ်ကြွေးကြော်ခြင်း၊ လူစုလူဝေးဖြင့် ပိတ်ဆို့ခြင်း၊ လုံခြုံရေး တာဝန်ထမ်းဆောင်နေသူ များကို ဟန့်တားနှောက်ယှက်ခြင်း မပြုလုပ်ရဟု ပြီးခဲ့သည့် မတ်လ ၂၂ ရက်က ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တားမြစ်မိန့်ထုတ်ပြန်ခဲ့သည်။

ကိုကိုလွင်
Monywa Gazette
https://www.facebook.com/monywagazette
လက်ပံတောင်းတွင် ကျောက်ကားများ တားဆီးသည့် ဒေသခံများ သေနတ်ပစ်ခတ်ခံရ ၁၅ ဦးခန့် ဒဏ်ရာရ လက်ပံတောင်းတွင် ကျောက်ကားများ တားဆီးသည့် ဒေသခံများ သေနတ်ပစ်ခတ်ခံရ ၁၅ ဦးခန့် ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.