ဂုတ်ထိပ် တံတား အောက်ခြေ အနီးတွင် မိုင်းကွဲ၍ လူငယ် သုံးဦးဒဏ်ရာရ


နောင်ချို၊ ၊မတ် ၉။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင်ပါဝင်သည့် ကမ္ဘာကျော်ဂုတ်ထိပ်တံတား အောက်ခြေ အနီးနားတွင် ယနေ့ မတ်လ ၉ ရက် နေ့ နေ့လယ် ၁၁း ၃၀ ခန့်က မြေမြုပ်မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နွားကျောင်းသည့် အသက် ၂၀ အရွယ် လူငယ် သုံးဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဂုတ်ထိပ်တံတား တစ်ဘက်ခြမ်း နောင်ပိန်ကျေးရွာတွင်နေထိုင်သည့် ကိုသားကြီးက ယနေ့ ညနေပိုင်းတွင် AHN သို့ပြောသည်။

“ဂုတ်ထိပ်တံတား အောက်ခြေမှာ အရင်တုန်းက လုံခြုံရေး အရ ထောင်ထားတဲ့ မိုင်းတွေရှိပါတယ်။ အဲဒီမိုင်းတွေ ထဲက တစ်လုံးကွဲတာပါ။ စစ်ဆင်ရေးတွေ ကြောင့် ကွဲတဲ့မိုင်း မဟုတ်ပါဘူး။ တံတား အောက်ခြေနားမှာ နွားသွားကျောင်းတဲ့၊ အသက် ၂၀ အရွယ် လူငယ် အမျိုးသား သုံးဦး ဒဏ်ရာ ရပါတယ်။ သူတို့ကို ပြင်ဦးလွင်ဆေးရုံကိုပို့ပေးထားတယ်လို့သိရပါတယ်။ တစ်ဦးကတော့ စိုးရိမ်ရတဲ့ အနေအထားရှိပါတယ်။ အရင်ကလဲဒီလိုမိုင်းကွဲတာမျိုးဖြစ်ဖူးပါတယ်” ဟု ၄င်းကပြောသည်။


ဂုတ်ထိပ်တံတား အောက်ခြေ အနီးတွင် မိုင်းတစ်လုံးပေါက်ကွဲ သည်ဆိုခြင်းမှာ မှန်ကန်ပါကြောင်း နောင်ချိုမြို့မရဲစခန်း မှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက အတည်ပြုပြောသည်။

“ မိုင်းကွဲပြီး လူငယ် သုံးဦး ဒဏ်ရာရတယ်ဆိုတာ မှန်ပါတယ်။ သူတို့ကိုပြင်ဦးလွင်ဆေးရုံကိုပို့ပေးထားပါတယ်။တံတားအောက်ခြေမှာက အရင်က တည်း က လုံခြုံရေး အရထောင်ထားတဲ့ မိုင်းဧရိယာတွေရှိပါတယ်။ အေ၊ ဘီ၊ စီ ဆိုပြီး ကန့်သတ်ဧရိယာတွေရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီတံတားအောက်ခြေကိုရောက်ဖူးပါတယ်။ အရင်တုန်းကလည်း ဒီလိုမိုင်းကွဲတာမျိုးတွေရှိဖူးပါတယ်။တံတားကို ထိခိုက်တာမျိုးတော့မရှိပါဘူး “ဟု အဆိုပါရဲဝန်ထမ်းကပြောသည်။

“ဂုတိထိပ်တံတားအောက်ခြေမှာ လုံခြုံရေးအရ ထောင်ထားတဲ့ မိုင်းကွဲလို့ လူငယ်လေးတွေဒဏ်ရာရတယ်လို့သိရပါတယ်။တံတား ကို ဘာမှထိခိုက်ထိခိုက်မှု မရှိပါဘူးလို့လည်းကြားပါတယ် “ ဟု မန္တလေး -လားရှိုးခရီးသည်တင်ယာဉ်မောင်းတစ်ဦးကပြောသည်။

စိုင်းမင်း( ရှမ်းပြည်နယ်မြောက်ပိုင်း)
PHOTO- Structural Note
The Asia Heart News
ဂုတ်ထိပ် တံတား အောက်ခြေ အနီးတွင် မိုင်းကွဲ၍ လူငယ် သုံးဦးဒဏ်ရာရ ဂုတ်ထိပ် တံတား အောက်ခြေ အနီးတွင် မိုင်းကွဲ၍ လူငယ် သုံးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.