အော်စကာရုပ်ရှင်ဆု မှားယွင်းမှု တာဝန်ရှိသူ နှစ်ဦး ခြိမ်းခြာက်ခံရမှုတွေကြောင့် လုံခြုံရေး ချထားရ


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အော်စကာ ရုပ်ရှင် ထူးချွန်ပေးပွဲမှာ အဓိက ဆုကြီး တခုဖြစ်တဲ့ အကောင်းဆုံး ရုပ်ရှင် ဆု စာအိတ်ကို ရှုပ်ထွေးမှားယွင်းစေခဲ့တဲ့ စာရင်းကိုင် နှစ်ယောက်ကို အွန်လိုင်းလူမှုကွန်ရက်တွေမှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ရှိနေလို့ သက်တော်စောင့်တွေ စီစဉ်ပေးထားရပါတယ်။

ဘရိုင်ယင် ကာလင်နန် နဲ့ မာသာရူအိဇ် တို့ရဲ့ နေအိမ်တွေကို လုံခြုံရေး ပေးထားကြောင်း ဆုပေးပွဲ အတွက် မဲရေတွက်ရာမှာ တာဝန်ယူရတဲ့ စာရင်စစ် ကုမ္ပဏီ PwC က ပြောပါတယ်။

သူတို့နှစ်ယောက်ဟာ အသက် အန္တရာယ် အတွက် စိုးရိမ်နေရတယ်လို့ ထင်ရှားသူတွေ အကြောင်း ရေးသားလေ့ရှိတဲ့ TMZ.com က ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ဒီနှစ်ယောက်ကို နောင်မှာ အော်စကာ ဆုပေးပွဲ အလုပ်တွေမှာ တာဝန်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် TMZ.com ရဲ့ ရေးသားချက်မှာတော့ ကုမ္ပဏီ က သူတို့ကို အလုပ်ကနေ ထုတ်ပစ်မှာတော့ မဟုတ်ဘူး ဆိုပါတယ်။

မီဒီယာတွေမှာ သူတို့ နှစ်ယောက်ရဲ့ နေရပ်လိပ်စာနဲ့ မိသားစုဓာတ်ပုံတွေ ပျံ့နှံ့ ခဲ့ပြီးနောက်ပိုင်းမှာ ကုမ္ပဏီ က သူတို့ အိမ်တွေမှာ လုံခြုံရေးချပေးထားတယ်လို့ PwC ရဲ့ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး ကဲရီဘိုဒင်ဟိုင်မာ ကလည်း အတည်ပြု ပြောဆိုပါတယ်။

တနင်္ဂနွေနေ့ ဆုပေးပွဲမှာ စာအိတ်မှားယွင်း ပေးခဲ့မှုကြောင့် ကြေညာသူတွေက အကောင်းဆုံးရုပ်ရှင်ဆုရ ဇာတ်ကား အမည်မှန် ‘Moonlight’ အစား ‘La La Land’ ဆိုပြီး ကနဦးမှာ မှားယွင်း ကြေညာမိခဲ့တာပါ။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese/
အော်စကာရုပ်ရှင်ဆု မှားယွင်းမှု တာဝန်ရှိသူ နှစ်ဦး ခြိမ်းခြာက်ခံရမှုတွေကြောင့် လုံခြုံရေး ချထားရ အော်စကာရုပ်ရှင်ဆု မှားယွင်းမှု တာဝန်ရှိသူ နှစ်ဦး ခြိမ်းခြာက်ခံရမှုတွေကြောင့် လုံခြုံရေး ချထားရ Reviewed by THITHTOOLWIN on 16:26 Rating: 5
Powered by Blogger.