နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးဖန်တီးနိုင်ခဲ့ခြင်းသည် အစိုးရသစ်၏ အကြီးမားဆုံးပြောင်းလဲမှုတရပ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ပြော
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကိုဖန်တီးနိုင်ခဲ့ခြင်းသည် အစိုးရသစ်၏ အကြီးမားဆုံးပြောင်းလဲမှုတရပ်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အောင်နိုင်ရေးအတွက် မဲဆွယ်ဟောပြောပွဲတွင် ပြောကြားလိုက်သည်။
ဦးဝင်းမြင့်သည် မတ်လ ၂ ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်၊ (စီ) ဘလောက် ဓမ္မာရုံကွင်း၌ ကျင်းပသည့် မဲဆွယ်စည်းရုံးရေးပွဲ၌ ယင်သို့ ပြောကြားခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်ဘောင်အတွင်းကနေပြီးတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေဆိုပြီးတော့ ကျွန်တော်တို့ လွှတ်တော်က ပြဌာန်းပြီးတော့ ဒီလွှတ်တော်ထဲကပဲ ဒီတာဝန်ကိုပေးနိုင်တာအဲဒါ မြင်သာထင်သာတဲ့တကယ့် ကြီးမားတဲ့ ပြောင်းခဲမှုမဟုတ်လို့ ဘာရှိသေးလဲ။အဲဒါကိုတချို့ကလည်းမမြင်မကန်းဖြစ်နေတယ်။ မမြင်မကန်းဆိုတာဘာလဲဆိုတော့ ဗမာစကားပုံကိုအဓိပ္ပာယ်သိပ်ရှိတယ်။ မမြင်မကန်းဖြစ်တယ်ဆိုတာဘာလဲဆိုတော့ မြင်လားဆိုတော့ အဲဒါ မမြင်ဘူး။သူ့မေးကြည့် ကန်းလားဆိုတော့ မကန်းဘူး။ တချို့ကလည်းအဲဒါကိုမကြားချင်ယောင်ဆောင်ပြီးတော့ ဘာမှ မပြောင်းလဲဘူးဆိုပြီး နားလေးပါးလေးဖြစ်နေတယ်”ဟု ဦးဝင်းမြင့်ပြောကြားလိုက်သည်။
အစိုးရသစ်တက်လာသော်လည်းဘာမှမပြောင်းလဲဆိုသောဝေဖန်ပြောဆိုမှုများနှင့်ပတ်သက်၍ နှစ် ၅၀ ကြာပြဿနာများကိုတနှစ်သက်တမ်းကာလဖြင့် မည်သို့မျှ ဖြေရှင်းဆောင်ရွက်နိုင်မည်မဟုတ်ဟု ၎င်းက ပြောသည်။
”ကောင်းပြီ။အဲဒါဆိုရင် ကျွန်တော်တို့ကတခွန်းတည်းပဲပြောစရာရှိတယ်။ အခုနကျွန်တော်ပြောခဲ့တဲ့ ပြောင်းလဲခဲ့တဲ့ ဥပဒေတွေကို ပြီးခဲ့တဲ့ကာလတွေမှာသူတို့စွမ်းတယ်ဆိုရင် ဘာလို့ မပယ်ဖျက်ခဲ့လဲ။ ဒီလို ပြည်သူလူထုကို ဒီမိုကရေစီအခွင့်အရေး ဆုံးရှုံးစေခဲ့တဲ့ ဥပဒေတွေ၊ ပြည်သူလူထုကို လူ့အခွင့်အရေး ဆုံးရှုံးစေခဲ့တဲ့ ဥပဒေတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ ဥပဒေတွေကို ဘာတခုမှ မလုပ်နိုင်ခဲ့လဲ။ ဒါကရှင်းရှင်းလေးပဲ”ဟု ဦးဝင်းမြင့်ကပြောသည်။
လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal/
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးဖန်တီးနိုင်ခဲ့ခြင်းသည် အစိုးရသစ်၏ အကြီးမားဆုံးပြောင်းလဲမှုတရပ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ပြော
Reviewed by THITHTOOLWIN
on
19:28
Rating:
