ထိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို တွေ့ရစဉ်။ Photo: Supapong Chaolan |
အယူခံပယ်ချခံလိုက်ရတဲ့အကြောင်းအရင်းနဲ့ နောက်တစ်ဆင့် အယူခံဆက်တက်ဖို့ကိစ္စတွေကို တွေ့ဆုံဆွေးနွေး တာဖြစ်တယ်လို့ တွေ့ဆုံရာမှာ ပါဝင်တဲ့ လိပ်ကျွန်းအမှု စုံစမ်းရေးအဖွဲ့ဝင် ဦးထူးချစ်က ပြောပါတယ်။
"ပြီးခဲ့တဲ့လ ၂၃ ရက်နေ့က အယူခံကို ပယ်ချတာနဲ့ပတ်သက်ပြီးတော့ မြန်မာ ယာယီသံအမတ် ဦးဆောင်ပြီး လာတွေ့တာပါခင်ဗျ။ အဓိက ဆွေးနွေးဖြစ်တာကတော့ ဘာကြောင့် ကျနော်တို့ အယူခံကို ပယ်ချခံရတာ လဲ။ နောက်တစ်ခုကတော့ ကျနော်တို့ နောက်တစ်ဆင့်တက်မယ့် ဗဟိုအဆင့်အယူခံကို ကျနော်တို့ ဘယ်လိုပြင်ဆင်မလဲ။ ဘယ်တော့လဲ ဆိုတာမျိုးပေါ့။ ဒါမျိုးတွေ ဆွေးနွေးပါတယ်။"
လက်ရှိအချိန်မှာ အယူခံ ပယ်ချခံရတဲ့ အကြောင်းအရင်းကို လေ့လာနေကြပြီး နောက်ဆုံးအဆင့်ဖြစ်တဲ့ အယူခံကိုတော့ ၃ လအတွင်း ဆက်တင်သွား ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
အယူခံပယ်ချလိုက်ချိန်မှာ တရားရုံးက အယူခံနောက်တဆင့်ကို ရက်ပေါင်း ၃၀ အတွင်း တင်ဖို့ အမိန့်ချခဲ့ပေမယ့် ထိုင်းနိုင်ငံဥပဒေအရ အယူခံတင်သူတွေဟာ သတ်မှတ်ရက်ကို ထပ်တိုးတောင်းခွင့်ရှိတယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရ ဦးရွှေမန်းကလည်း လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး အယူခံဆက်တက်ရာမှာ ဆောင်ရွက်ရမယ့်ကိစ္စတွေကို ၀ိုင်းဝန်း ဆောင်ရွက်ပေးကြဖို့နဲ့ သူ့အနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံ လိပ်ကျွန်းခေါ် ခိုတောင်ကျွန်းကို လာရောက်လည်ပတ်တဲ့ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ထိုင်းနိုင်ငံ ကော့စမွီတရားရုံးက ၂၀၁၅ ခုနှစ်က သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
အမှုနဲ့ပတ်သက်ပြီး အယူခံဆက်တက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အဲဒီအယူခံကို ပယ်ချ ခံလိုက်ရတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
လိပ်ကျွန်းလူသတ်မှု အယူခံ ဆက်တင်ဖို့ မြန်မာသံရုံးအဖွဲ့ နဲ့ ထိုင်းရှေ့နေများကောင်စီ ဆွေးနွေး
Reviewed by THITHTOOLWIN
on
21:27
Rating: