တာချီလိတ်၌ ငွေကျပ်သိန်းပေါင်း ၁၅၆၅၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


တာချီလိတ် မတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၌ မတ် ၈ ရက် ၊ ညနေပိုင်းက ငွေကျပ်သိန်း ပေါင်း ၁၅၆၅၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်းသိရသည်။

 ဖြစ်စဉ်မှာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲမှူး စိုးနိုင် နှင့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်း အရ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ အောင်မင်္ဂလာတိုက်တန်း(၈)ခန်းတွဲ၊ တတိယ အထပ်ရှိ အခန်းအမှတ်(၈) တွင် နေထိုင်သော ဒေါ်နန်းအွေ့ အခန်းအား ၀င်ရောက်ရှာဖွေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းသိရသည်။


 ထိုသို့ ဖမ်းဆီးရာတွင် WY စာတမ်းပါ နီညိုရောင်စိတ်ကြွဆေးပြား (၄၈၆၀၀၀)ပြား၊ အလေးချိန်(၄၈.၆)ကီလို၊ ဒေသတန်ဖိုးငွေကျပ်သိန်း(၇၂၉၀)သိန်းခန့်၊ စိတ်ကြွ ဆေးပြား ရိုက်နှိပ်ရန် အသင့်ရောစပ်ထားသည့် နီညိုရောင်အမှုန့် အလေးချိန်(၄၀)ကီလိုခန့်၊ ဒေသတန်ဖိုး ငွေကျပ်သိန်း(၆၀၀၀)ခန့်၊ စိတ်ကြွဆေးပြား ရိုက်နှိပ်ရန် အသင့်ရောစပ်ထားသည့် နီညိုရောင်အမှုန့်(အစို) အလေးချိန်(၁၁)ကီလိုခန့်၊ ဒေသတန်ဖိုးငွေကျပ်သိန်း (၁၆၅၀)ခန့်၊ မက်သာအက်ဖီတမင်း(အိုက်စ်) အဖြူရောင်ပုံဆောင်ခဲ အလေးချိန် (၂.၂၂)ကီလိုခန့်၊ ဒေသတန်ဖိုးငွေ ကျပ်(၅၅၅)သိန်းခန့်၊ ဆူဒိုအက်ဖီဒရင်းဆေးပြား အလေးချိန်(၃၁)ကီလိုခန့်၊ ဒေသတန်ဖိုးငွေကျပ်(၁၅၅)သိန်းခန့်၊ စိတ်ကြွ ဆေးပြားရိုက်နှိပ်သည့် မှို(၅၆)ချောင်း၊ ပုံစံသံကွင်း(၂၈)ခု တို့နှင့်အတူ SHN/……. နံပါတ်ပါ Mark II အမျိုးအစား မော်တော်ယာဉ်အဖြူရောင် တစ်စီးအား သိမ်းဆည်း ရမိကြောင်း သိရသည်။

 အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဒေါ်နန်းအွေ့ အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

သတင်း - ဓါတ်ပုံ ။ ။ တာချီလိတ် ခရိုင်ပြန်/ဆက်

တာချီလိတ်၌ ငွေကျပ်သိန်းပေါင်း ၁၅၆၅၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ တာချီလိတ်၌ ငွေကျပ်သိန်းပေါင်း ၁၅၆၅၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.