ဘုရားဟောမဟုတ်သည်များကို လုပ်ကြံဟောပြောခြင်းနှင့် အမိန့်ကို နားမထောင်ခြင်းကြောင့် ဦးဝီရသူကိုထောင်ချနိုင်


ဘုရားဟောအတိုင်းမဟုတ်ဘဲ လုပ်ကြံဟောပြောတာနဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ အမိန့်ကို နားမထောင်တာတွေကြောင့် ဦးဝီရသူကို ထောင်ချနိုင်တယ်လို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသက မိန့်ကြားလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီးလွှတ်တော်တို့ ပူးပေါင်းစီစဉ်ပူဇော်တဲ့ ဓမ္မသဘင်မှာ ဟောပြောဖို့ ပုသိမ်မြို့ကိုရောက်ရှိနေတဲ့ဆရာတော်ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသက ပုသိမ်မြို့မှာရှိတဲ့ မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မိန့်ကြားခဲ့တာဖြစ်ပါတယ်။


 မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်နာယက အဖွဲ့ဝင် ဆရာတော်ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)အနေနဲ့ ဒေသအနှံ့မှာ ဟောပြောခဲ့တာတွေအတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က (၂၀၁၇)ခုနှစ် မတ်လ(၁၀)ရက်နေ့က စတင်ကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တရားဟောပြောခွင့်တစ်နှစ်ပိတ်ပင် ထားခဲ့တာပါ။

 အဲဒီလိုတရားဟောပြောခွင့် ပိတ်ပင်ထားတာကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်သွားဖို့ မတ်လ(၁၀)ရက် ရက်စွဲနဲ့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က အမိန့်စာထုတ်ပြန်ထားတာပါ။

 နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ အမိန့်စာ ထုတ်ပြီးတဲ့နောက်တစ်နေ့ မတ်လ(၁၁)ရက်မှာ ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် သရက်ကုန်းသီးကွင်း ကျေးရွာအုပ်စုမှာ တရားဟောပြောခွင့်ပိတ်ပင်ခံထားရတဲ့ ဆရာတော် ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ)က ပါးစပ်ကို ပလာစတာပိတ်ပြီး တရားခွေဖွင့်တဲ့တရားပွဲကိုပြုလုပ်ခဲ့ပါတယ်။

တခြားဘာသာကို မထိခိုက်ဖို့ တစ်ဦးနဲ့တစ်ဦးမေတ္တာဂရုဏာထားနေကြဖို့ တစ်နိုင်ငံလုံးကို ပြန်တမ်းတွေထုတ်ထားပြီး ဖြစ်တယ်လို့လည့်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသက မိန့်ကြားပါတယ်။

အမျိုးဘာသာစောင့်ရှောက်တာနဲ့ပတ်သတ်ပြီး ဘာသာခြားတွေနဲ့အိမ်ထောင်ပြုခဲ့ရင်လည်း ကိုယ်ကြိုက်တဲ့ ဘာသာကိုယ်လွတ်လွတ်လပ်လပ်ကိုးကွယ်တာက အမျိုးဘာသာကို စောင့်ရှောက်တာဖြစ်တယ်လို့လည်း နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသက မိန့်ကြားပါတယ်။

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်နာယကအဖွဲ့ဝင် ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ)က တရားဟောပြောခွင့်ပိတ်ပင်ခံရပြီးတဲ့နောက်ပိုင်းမှာ ပါးစပ်တိပ်ပိတ် တရားပွဲတွေဆက်တိုက်ပြုလုပ်ခဲ့ပြီး မတ်လ(၂၇)ရက် ညပိုင်းမှာတော့ ကော့မှူးမြို့မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့သိရပါတယ်။ ဒီသတင်းကို ပုသိမ်ဗျူရိုက စိုးသိမ်း ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ဘုရားဟောမဟုတ်သည်များကို လုပ်ကြံဟောပြောခြင်းနှင့် အမိန့်ကို နားမထောင်ခြင်းကြောင့် ဦးဝီရသူကိုထောင်ချနိုင်  ဘုရားဟောမဟုတ်သည်များကို လုပ်ကြံဟောပြောခြင်းနှင့် အမိန့်ကို နားမထောင်ခြင်းကြောင့် ဦးဝီရသူကိုထောင်ချနိုင် Reviewed by THITHTOOLWIN on 10:25 Rating: 5
Powered by Blogger.