ကိုဆွေဝင်းကို နောက်တစ်ဦးက အမှုဖွင့်ဖို့ပြင်ဆင်နေကြောင်း ပြော

(Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို မတ်လ ၈ ရက်နေ့က တွေ့ရစဉ်) Photo : Thant Zin Oo/RFA
Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားထားသူ ဦးကျော်မျိုးရွှေက သူ့မိခင်ဖြစ်သူက အမှုကိုပိတ်ပေးဖို့ တိုက်တွန်းနေတာကြောင့် ပိတ်မှာဖြစ်ပေမယ့် နောက်တစ်ဦးက ကိုဆွေဝင်းကို ပုဒ်မ ၆၆ (ဃ) အပြင် သာသနာညှိုးနွမ်းစေမှုနဲ့ပါ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

မ.ဘ.သ ဒါမှမဟုတ် အမျိုးသားရေး အင်အားစုထဲက တစ်စုံတစ်ယောက်က ကိုဆွေဝင်းကို အမှုတစ်ခု ထပ်တိုးပြီး အမှုဖွင့်တိုင်ကြားမှာဖြစ်တယ်လို့ ဦးကျော်မျိုးရွှေက ပြောပါတယ်။

"ကျနော့် အမေက ခွင့်မပြုခဲ့ဘူး၊ သူ့ဆန္ဒကို လိုက်လျောပေးပါဆိုရင် ကျနော်က အမှုပိတ်သိမ်းပေးမယ်၊ ကျနော့်နေရာမှာ တစ်ခြားတစ်ယောက်က အမှုပြန်ဖွင့်သွားမယ်၊ မဘသထဲကဖြစ်မလား အပြင်က အမျိုးသားရေးအင်အားစုထဲကဖြစ်မလား ပြောလို့မရသေးဘူး၊ ကျနော်တို့ တိုင်ပင်နေတုန်းပဲ၊ ဦးကိုနီ အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်း ပြည်ထဲရေးကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ သူမေးနေတာတွေ သူလုပ်နေတာတွေက ဒီကိုနီကို အကြမ်းဖက်သတ်ဖြတ်မှုမှာ မဘသ အဖွဲ့အစည်းကြီးရဲ့ ပယောဂမကင်းသယောင် မဘသ အဖွဲ့အစည်းကြီးရဲ့ ဂုဏ်သိက္ခာထိခိုက်အောင် မြန်မာနိုင်ငံမှာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကြီး လုံးဝမရှိအောင် တိုက်မယ်ဆိုပြီး ပြောဆိုရေးသားတာတွေ တွေ့တဲ့အတွက် ကျနော်တို့ သူ့ကို တရားထပ်စွဲမယ်၊ သူ့ကို ၂၉၅ (သာသနာညှိုးနွမ်းစေမှု) နဲ့ စွဲဖို့ပြင်ဆင်ထားတယ်"

Ba Kaung အကောင့်အသုံးပြုသူ Myanmar Now သတင်းထောက် ကိုဆွေဝင်းဟာ မဘသ ဆရာတော် ဦးဝီရသူကို ပါရဇိက ကျသွားပြီလို့ ရဟန်းတော်တစ်ပါးက မိန့်ကြားထားတဲ့စာသားပါတဲ့ "အခြေခံဥပဒေပြင်လိုသူတွေကို မဘသ သတိပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၈ ရက်နေ့တွေက သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့ပါတယ်။

ဒီလိုရေးသားတာတွေနဲ့ပတ်သတ်ပြီး ဆရာတော် ဦးဝီရသူက ကိုဆွေဝင်းကို (၇) ရက်အတွင်း လာရောက်တောင်းပန်ဖို့ မတောင်းပန်ပါက အမှုဖွင့်အရေးယူသွားမယ်လို့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြန်လည်ရေးသားခဲ့ပါတယ်။

၇ ရက်ပြည့်ပေမယ့် ကိုဆွေဝင်းက တောင်းပန်တာမျိုး မရှိခဲ့တဲ့အတွက် ဆရာတော်ဦးဝီရက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ဖို့ တပည့်ဖြစ်သူ ဦးကျော်မျိုးရွှေကို စေခိုင်းခဲ့တာဖြစ်ပြီး ကိုကျော်မျိုးရွှေက မတ်လ ၇ ရက်နေ့က အမှုဖွင့်လိုက်တာဖြစ်တယ်လို့ မန္တလေးမြို့ အမှတ်(၇) ရဲစခန်းက စခန်းမှူး ရဲအုပ်ကျော်သူက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကိုဆွေဝင်းကို နောက်တစ်ဦးက အမှုဖွင့်ဖို့ပြင်ဆင်နေကြောင်း ပြော ကိုဆွေဝင်းကို နောက်တစ်ဦးက အမှုဖွင့်ဖို့ပြင်ဆင်နေကြောင်း ပြော Reviewed by THITHTOOLWIN on 17:06 Rating: 5
Powered by Blogger.