မြန်အောင်မြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား၍ လူတစ်ဦးသေဆုံး

မြန်အောင်မြို့နယ် ဒေါင်းကျ ကျေးရွာအုပ်စု ကုန်းကြီး ကျေးရွာတွင် မီးလောင်မှု ဖြစ်ပွား၍ လူတစ်ဦးသေဆုံး
မြန်အောင် မတ် (၂၃)

မြန်အောင်မြို့နယ် ဒေါင်းကျ ကျေးရွာအုပ်စု ကုန်းကြီး ကျေးရွာတွင် မတ်လ ၂၂ ရက် ည ၁၁း၃၀ အချိန်တွင် နေအိမ် (၃)လုံးမီးလောင်မှု ဖြစ်ပွားပြီး လူတစ်ဦး သေဆုံးကြောင်း သိရှိရသည်။


မြန်အောင်မြို့နယ် ဒေါင်းကျအုပ်စု ကုန်းကြီးကျေးရွာနေ ဦးတင်ထွန်း (၅၇)နှစ်သည် သူ၏နေအိမ် (ဝါးတိုင်၊ ထရံကာ၊ သက္ကယ်မိုး၊ ဝါးခင်း (၁၂)ပေ ပတ်လည် (၃)ပင်အိမ်)တွင် ဖယောင်းတိုင်မီး ထွန်းပြီး တစ်ဦးတည်း အိပ်ပျော်နေစဉ် ည ၁၁း၃၀ အချိန်က ဖယောင်းတိုင်မီး အရည်ပျော်၍ ဝါးကြမ်းခင်းမှတစ်ဆင့် နေအိမ်သို့ မီးကူးစက် လောင်ကျွမ်းပြီး ၎င်းနေအိမ်နှင့် ကပ်လျက် အရှေ့ဘက်ရှိ ညီမအရင်းဖြစ်သူ ဒေါ်လှနွယ် (၅၀)နှစ်၏ (ဝါးတိုင်၊ ထရံကာ၊ သက္ကယ်မိုး၊ ဝါးခင်း (၁၂)ပေ ပတ်လည် (၃)ပင်အိမ်) နေအိမ်နှင့် ကပ်လျက် တောင်ဘက်ရှိ ဦးလေးဖြစ်သူ ဦးမောင်စော (၆၆)နှစ်၏ (ဝါးတိုင်၊ ထရံကာ၊ သက္ကယ်မိုး၊ ဝါးခင်း (၁၂)ပေ ပတ်လည် (၃)ပင်အိမ်) နေအိမ်တို့ပါ မီးကူးဆက် လောင်ကျွမ်းခဲ့ရာ ဒေါင်းကျ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောကျော်နိုင်၊ စာရေး ဦးကျော်စွာဝင်းနှင့် ဒေသခံ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျေးရွာ ပြည်သူများမှ ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ည ၁၁း၄၅ အချိန်တွင် မီးငြိမ်း သွားခဲ့သည်။ မီးလောင်မှုကြောင့် မီးစတင် လောင်ကျွမ်းခဲ့သည့် အိမ်ပိုင်ရှင် ဦးတင်ထွန်းမှာ မီးလောင်ခံရ၍ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

မီးအား ပေါ့ဆစွာ အသုံးပြုခဲ့သူ သေဆုံးသူ ဦးတင်ထွန်းအား ရွှေကျင် နယ်မြေရဲစခန်း ခေတ္တ စခန်းမှူး ရဲအုပ် ဝင်းတင့်မှ တရားလို ပြုလုပ် တိုင်တန်း၍ ရွှေကျင် နယ်မြေရဲစခန်း (ပ) ၁၇/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/ ၃၀၄-က ဖြင့် အမှုရေးဖွင့်ကာ ဒုရဲအုပ် ကိုကိုဇော်မှ အမှုစစ်အဖြစ် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဝင်းဗိုလ် ပြန်/ဆက် မြန်အောင်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မြန်အောင်မြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား၍ လူတစ်ဦးသေဆုံး မြန်အောင်မြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား၍ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 11:38 Rating: 5
Powered by Blogger.