မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ လုပ်ငန်းခွင်ထဲ ပိုပြီးရောက်ရှိလာဖို့နဲ့ စီးပွားရေး အလုပ်အကိုင်တွေဖန်တီးပေးရေး အစိုးရဘက်က ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း အမျိုးသမီးလုပ်ငန်းရှင်တွေက ပြောကြားခဲ့ပါတယ်။
မျက်မှောက်နဲ့ အနာဂတ် အမျိုးသမီးထု စွမ်းအားမြှင့်တင်ဖို့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ အမျိုးသမီးများ ရက်သတ္တပတ်အဖြစ် မတ်လ (၆)ရက်နေ့ကနေ (၁၂)ရက်ထိ သတ်မှတ်ပြီး အမျိုးသမီးရေးဆိုင်ရာ လှုပ်ရှားမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မတ်လ (၈)ရက်နေ့ နိုင်ငံတကာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာအမျိုးသမီးများ အခြေအနေ တိုးတက်ရေး သတိပြုပါဝင်လာစေတဲ့ လှုံဆော်မှုဖြစ်တယ်လို့လည်းစီစဉ်သူတွေက ပြောပါတယ်။ မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။
မြန်မာအမျိုးသမီးများအနေနဲ့ လက်ရှိ အခြေအနေတွေထက် ပိုပြီးတိုးတက်လာဖို့၊ အခွင့်အရေး တွေရလာဖို့ အခုလို မြန်မာနိုင်ငံမှာ အမျိုးသမီးများ ရက်သတ္တပတ် အဖြစ်စီစဉ်ကျင်းပ ရတာဖြစ်တယ်လို့ ကမ္ဘောဇ ဘဏ်ရဲ့ အကြီးအကဲတဦးဖြစ်သူ မယုဝေမော်က မတ်လ (၃)ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ မြန်မာအမျိုးသမီးများ ရက်သတ္တပတ်နှင့် ပြည်သူအားလုံး ပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု' အဖွင့် ဖိုရမ် အပြီးမှာ သတင်းထောက်တွေကို အခုလို ပြောသွားပါတယ်။
“ကျမတို့ အခွင့်အရေးကတော့ ရပါတယ်။ ဒီအခွင့်အရေးထက် ပိုပြီးကောင်းမွန်တဲ့ အခွင့်အရေးတွေ ပိုပြီးရရှိဖို့ လိုအပ်ပါတယ်။ ဘာလဲဆိုတော့ decision making position တွေမှာလည်း ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အမျိုးသမီးတွေကို အားပေးတဲ့ ပေါ်လစီတွေကို ကျမတို့ ချမှတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ဒီလို ဖိုရမ်တွေလုပ်ပြီးတော့ workshop တွေကျင်းပတယ်။ အဲဒါမှလည်း awareness ပေါ့။ သိရှိနိုင်မယ်။ အသိတွေပွင့်လာမယ်။ နည်းလမ်းတွေသိလာမယ်။ အခြား ကုမ္ပဏီ၊ အခြားနိုင်ငံတွေက ဘာတွေလုပ်နေလဲဆိုတာ ကျမတို့ သင်ကြားလို့ရမယ်။ ဒါမှ ကျမတို့ အခုရရှိတဲ့အခွင့်အရေးတွေထက် အများကြီးရရှိလာအောင် ကြိုးစားမှာဖြစ်ပါတယ်။”
အမျိုးသမီးတွေ လုပ်ငန်းခွင်ထဲ ပိုပြီးရောက်ရှိလာဖို့နဲ့ စီးပွားရေး အလုပ်အကိုင်တွေဖန်တီးပေးဖို့ဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေးဖွံဖြိုးတိုးတက်ဖို့နဲ့ ပတ်ဝန်းကျင်ကောင်းတွေဖြစ်လာအောင် အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုအပ်နေကြောင်း ရန်ကုန်မြို့မှာ စနေနေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်သူအမျိုးသမီးများအား အားပေးမြှင့်တင်နိုင်ရေးဆိုင်ရာဖိုရမ် ကိုတက်ရောက်လာတဲ့ City Mart ကုမ္ပဏီအကြီးအကဲ ဒေါ်ဝင်းဝင်းတင်က ပြောပါတယ်။
“အမျိုးသမီးတွေ လုပ်ငန်းခွင်ထဲ ပိုပြီးရောက်လာဖို့ စီးပွားရေးတွေ လုပ်နိုင်ဖို့ဆိုရင် ကျမတို့အနေနဲ့ စီးပွားရေး ပတ်ဝန်းကျင်ကောင်းကို ဒီထက်ပိုပြီးဖြစ်နိုင်ဖို့ နိုင်ငံတော်ဘက်က စီစဉ်ဆောင်ရွက်ပေး လိုပါတယ်။ စီးပွားရေးပတ်ဝန်းကျင်ကောင်းရှိမှ စီးပွားရေးလုပ်မယ့်သူတွေ အတွက်လည်း စီးပွားရေးတွေ လုပ်လာနိုင်မယ်။ အမျိုးသမီးတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလန်း ပိုရလာမှာဖြစ်ပါတယ်။ ဒုတိယပိုင်းအနေနဲ့ဆိုရင် ပညာရေးသည် အမျိုးသမီးတွေကို မြှင့်တင်ပေးတဲ့အခါမှာ အကောင်းဆုံးလက်နက်တခုဖြစ်တယ်လို့ မြင်ပါတယ်။ တတိယအချက်ကတော့ အမျိုးသမီးတွေ လုပ်ငန်းခွင်ကို ရောက်တဲ့အချိန်မှာ အမျိုးသမီးတွေ အများစု က ခေါင်းဆောင်မှုပိုင်း နေရာမှာ ပါဝင်မှုတွေ အားနည်းနေသေးတာ ကို တွေ့ရပါတယ်။ အမျိုးသားတွေနဲ့ တန်းတူပေး နိုင်ဖို့အတွက် ပိုပြီးတွန်းအားပေးမှုတွေပြုလုပ်ချင်ပါတယ်။ အမျိုးသမီးတွေဘက်ကလည်း အဲလို ပေးလာတဲ့အခါမှာ ယူဖို့အတွက်လည်း တိုက်တွန်းချင်ပါတယ်။”
ဒီနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ ဆောင်ပုဒ်ကလည်း ပြောင်းလဲနေတဲ့ ကမ္ဘာ့လုပ်ငန်းခွင်မှာ အမျိုးသမီးများရဲ့ ကဏ္ဍကို ၂၀၃၀ ပြည့်နှစ် မှာ အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်း စေဖို့ “Women in the Changing World of Work: Planet 50-50 by 2030” ဆိုပြီး ကုလသမဂ္ဂက ပြဌာန်းထားပါတယ်။
ပြောင်းလဲနေတဲ့ ကမ္ဘာ့လုပ်ငန်းခွင်အခြေအနေဟာ အမျိုးသမီးထုအပေါ်မှာ သိသိသာသာ ဂယက်ရိုက်ခတ်နေပါတယ်။ Globalization ကမ္ဘာ့ရွာကြီးဖြစ်လာပြီး နည်းပညာနဲ့ ဒစ်ဂျစ်တယ်လ် တီထွင်ပြောင်းလဲမှုတွေ၊ အခွင့်အလမ်းတွေလည်း ရှိလာတယ်ဆိုပေမယ့် အခြားတဘက်မှာ တရားမ၀င် အလုပ်သမားအဖြစ် လုပ်ကိုင်မှုနှုန်း မြင့်မားလာတာ၊ အသက်မွေးဝမ်းကျောင်းနဲ့ ၀င်ငွေ မတည်မြဲတာ၊ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေး မူဝါဒအသစ်တွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေ စတဲ့ အခြေအနေတွေကိုလည်း ရင်ဆိုင်နေကြရပါတယ်။ ဒီလိုအခက်အခဲတွေကို ပိုပြီး ရင်ဆိုင်နေရတဲ့ အမျိုးသမီးထုအတွက် သူတို့ရဲ့ စီးပွားရေး စွမ်းဆောင်မှုမြှင့်တင်ပေးနိုင်ဖို့မဖြစ်မနေ ဖြေရှင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
လက်ရှိ မြန်မာအမျိုးသမီးတွေ လုပ်ငန်းနယ်ပယ်အသီးသီးမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒီကနေ့မနက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ နံနက် (၈)နာရီ (၄၅)မိနစ် မှာစတင်မယ့် တွေ့ဆုံဆွေးနွေးပွဲကို မြန်မာ့ရုပ်သံ၊ ရေဒီယိုတို့ အပြင် သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး Facebook တွေကနေ လည်း တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ အမျိုးသမီးများ ရက်သတ္တပတ် လှုပ်ရှားမှုကို NLD အစိုးရနဲ့အတူ ကမ္ဘောဇ အုပ်စုက ပူးပေါင်းစီစဉ်တာဖြစ်ပါတယ်။ မတ်လ (၆- ၈) ရက်နေ့ထိ ပညာပေးမှတ်တမ်းရုပ်ရှင် အစီ အစဉ်များ၊ ဆွေးနွေးဟောပြောပွဲ များ၊ အားကစားစွမ်းရည်ဆိုင်ရာ လှုပ်ရှားမှုတွေအပြင်၊ အမျိုးသမီး စာရေးဆရာမတွေနဲ့ အမျိုးသမီးရေး ဆိုင်ရာ စာအုပ်ပွဲတွေ၊ ဟောပြောပွဲတွေကို ကျင်းပမှာဖြစ်ပါတယ်။
အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
လုပ်ငန်းခွင်ရောက် မြန်မာအမျိုးသမီးများကဏ္ဍ့ မြင့်တင်ဖို့လိုအပ်
Reviewed by THITHTOOLWIN
on
20:13
Rating:
