နိရဉ္စရာ၊ မတ် ၇
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာအုပ်စု ရွှေပြည်ရွာမ၌ မတ်လ ၆ နေ့ ညနေပိုင်းက လေဆင်နှာမောင်းတိုက်ခတ်၍ လူနေအိမ် ၄၅ ဆောင်ပျက်စီးကာ အိမ်ထောင်စု ၁၀ စုမှ အရေးပေါ် အကူအညီ လိုအပ်နေသည်ဟု သတင်းရရှိသည်။
“ မနေ့က ညနေ ၄ နာရီ ၁၅ မိနစ်ကနေ ၅ နာရီ ၂၀ မိနစ်ထိ လေဆင်နှာမောင်း တိုက်ခတ်ပါတယ်။ ပြင်းပြင်းထန်ထန်ပါဘဲ။ လူနေအိမ် ၄၅ ဆောင် ပျက်စီးသွားပါတယ်။ တစ်အိမ်လုံးပျက်စီးသွားတာက ၅ ဆောင်ပါ။ ကျန်တဲ့အိမ်တွေက အမိုးအကာတွေ ပါသွားပါတယ်၊ ဘုန်းတော်ကြီးကျောင်းခေါင်းမိုးကလည်း သွပ်ပြား ၄ ချပ် လေထဲပါသွားပါတယ်” ဟု ရွှေပြည်ရွာမ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
လေဆင်နှာမောင်းကြောင့် အိုးအိမ်မဲ့ ဖြစ်သွားသူမှာ လူဦးရေ ၂၀ ကျော်ရှိကြောင်း၊ လက်ရှိ တဲထိုးပြီးနေထိုင်နေရကြောင်း၊ လောလောဆယ် စားရေးအတွက် အရေးပေါ် အကူအညီ လိုအပ်နေသည်မှာ အိမ်ထောင်စု ဆယ်စုဖြစ်ကြောင်း၊ အိမ်များပြန်ဆောက်ရန် ၀ါး၊ သက်ကယ်နှင့် အမိုးသွပ်များ လိုအပ်နေကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
ယခုလက်ရှိတွင် ပြည်သူ့ရဲ၊ တပ်နှင့် မီးသတ်ဌာနတို့က ရောက်ရှိနေကြပြီး ပျက်စီးဆုံးရှုံးမှုနှင့် လူဦးရေအတိအကျကို စာရင်းကောက်ယူနေကြောင်း သိရသည်။
လေဆင်းနှာမောင်းကြောင့် ဒုက္ခရောက်နေသော မိသားစုများအတွက် အကူအညီပေးရန် စီစဉ်နေသည်ဟု ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးမှူးက နိရဉ္စရာသို့ ပြောကြားသည်။
“ကျွန်တော်တို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေနဲ့ အကူအညီပေးဖို့ စီစဉ်နေပါတယ်။ အထွေအထွေ အုပ်ချုပ်ရေးမှူးအနေနဲ့ လူကယ်ပြန်ကို ပြောထားပါတယ်။ ခရိုင်ကလည်း ဆင်းလာဖို့ ရှိပါတယ်။ ဘယ်နေ့ ဆင်းလာမှာကိုတော့ အတိအကျ မသိရသေးပါ။ အဲ့ဒီအကူအညီပေးဖို့ ကိစ္စကိုပဲ အခုလုပ်နေပါတယ်”ဟု ဒုဦးစီးမှူးက ပြောသည်။
စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara

![]() |
(ယခု ဖော်ပြပါ ဓာတ်ပုံမှာ သတင်းနှင့် သက်ဆိုင်မှု မရှိပါ။ လေဆင်နှာမောင်းတိုက်လျှင် ယခုလို ခေါင်မိုးများ ပြိုပျက်တတ်ကြောင်း ပုံစံပြထားသော ဓာတ်ပုံသာ ဖြစ်ပါသည်။) |
ကျောက်တော်တွင် လေဆင်နှာမောင်းတိုက်ခတ်၍ လူနေအိမ် ၄၅ လုံး ပျက်စီး
Reviewed by THITHTOOLWIN
on
16:57
Rating: