လောက်ကိုင်မြို့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကာစီနီုရုံဝန်ထမ်း ၃၀၀ ကျော်အား တရုတ်ပြည်သို့ ပို့ဆောင်ပေးဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ သတင်းထုတ်ပြန်
![]() |
ဓာတ်ပုံ-Northern Alliance-Burma FB |
သတင်းထုတ်ပြန်ချက်တွင် အဆိုပါ ကာစီနိုရုံတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးများအား မြန်မာစစ်တပ်မှ တခုခုလုပ်မည်ကို စိုးရိပ်သည့် အတွက် ဘေးကင်းလွတ်စေရန် ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ် မတ်လ ၆ ရက် မွန်းလွဲပိုင်းက မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သူများက တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နမ့်ဆန် မြို့ဖက်အခြမ်းသို့ လုံခြုံစွာ ပို့ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့သို့ခေါ်ဆောင်သွားစဉ် ၎င်းတို့မှ ထို့သိုပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ၀န်ထမ်းများအား ရှင်းပြကာ တရုတ်ငွေ ယွမ် ၃၀၀ စီပေးကာ ပို့ဆောင် ခဲ့ကြောင်း ဖော်ပြပါရှိသည်။
တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က “ကိုးကန့် ကာစီနိုဝိုင်းက ကောင်မလေးတွေ ခေါ်သွားတယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်က အဲဒီ မိန်းကလေးတွေကို တစ်ခုခု လုပ်မှာဆိုးလို့ တရုတ်ပြည်ဘက်ရှိ နန်းဆန်မြို့ကို ပို့ပေးလိုက်ကြတာပါ” ဟု ဖြေကြားထားသည်ဟု ဒီဗီင်္ွဘီ သတင်းဖော်ပြချက်အရ သိရသည်။
မတ်လ ၆ ရက်နေ့က လောက်ကိုင်မြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ် တိုက်ခိုက်မှုတွင် ကိုးကန့်ဒေသ ဦးစီး ဥက္ကဋ္ဌဟောင်း ဦးပယ်စောက်ချိန် ပိုင်ဆိုင်သည့် ပယ်စိန့် ကာစီနိုရုံမှ ကား ၁၅ စီး မီးလောင်ပျက်စီးပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း နှင့် ၎င်းအပြင် ကိုးကန့်ဘဏ္ဍာရေးဆိုင်ရာ လျှိုအားပေါင် ပိုင်ဆိုင်သည့် ဖူလီလိုက် လောင်းကစားရုံကို ဖျက်ဆီးပြီး ငွေတွေ ယူကာ မိန်းခလေး ၈၀ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ မျက်မြင် သက်သေ တစ်ဦးပြောဆိုကြောင်း ဒီဗွီဘီ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။
အဆိုပါ လောက်ကိုင်တိုက်ပွဲအတွင်း မူလတန်းပြဆရာမ တစ်ဦးအပါအ၀င် ယာဉ်ထိန်းရဲများ၊ ပြည်သူများ နှင့် အခြားမီးလောင်ထားသည့် အလောင်း ၂၀ အပါအ၀င် လူပေါင်း ၃၀ ဦးခန့်သေဆုံးကြောင်း တပ်မတော်မှ နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက မတ် ၆ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ် လောက်ကိုင်ဒေသမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေနှင့် ပတ်သက်ပြီး လက်နက်ကိုင် တိုက်ခိုက်မှုများ စွန့်လွှတ်ကာ ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ ဦးတည်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၆ ရက် ညနေပိုင်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။
The Ladies News
https://www.facebook.com/News.TheLadies/
လောက်ကိုင်မြို့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကာစီနီုရုံဝန်ထမ်း ၃၀၀ ကျော်အား တရုတ်ပြည်သို့ ပို့ဆောင်ပေးဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ သတင်းထုတ်ပြန်
Reviewed by THITHTOOLWIN
on
22:37
Rating:
