မွန်ပြည်သစ်ပါတီ အခွန်ကောက် ဂိတ်စခန်းတစ်ခု ဖယ်ရှားခံရ

မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှ ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ထီးဖိုးနိုင်ကျေးရွာနားက မွန်ပြည်သစ်ပါတီရဲ့ အခွန်ကောက် ဂိတ်စခန်း တစ်ခုကို တပ်မတော်က ဖယ်ရှားခိုင်းတဲ့ အတွက် မတ်လ ၂ ရက်နေ့ ဖယ်ရှားလိုက်ရပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ဂိတ်စခန်းတွေကို တပ်မတော်က ဖယ်ရှားခိုင်းတာဟာ တစ်လအတွင်းမှာ ၃ ခု ရှိနေပြီဖြစ်ပြီး ဒီလိုဖယ်ခိုင်းတာတွေဟာ မွန်ပြည်သစ်ပါတီကို အပစ်ရပ်စာချုပ်မှာလက်မှတ်ရေးထိုးပြီး ၂၁ ရာစု ပင်လုံညီလာခံကို တက်အောင် ဖိအားပေးတဲ့သဘောဖြစ်နေတယ်လို့ မွန်ပြည်သစ် ပါတီရဲ့ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှက ပြောပါ တယ်။

"ကျနော်တို့ တွေ့ရသလောက်ပေါ့လေ။ အစိုးရကသော်လည်းကောင်း၊ စစ်တပ်ကသော်လည်းကောင်း၊ လုပ်နေတဲ့ ဒီတစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA ပေါ့လေ ။ NCA လမ်းကြောင်းပေါ် ကျနော်တို့ မြန်မြန်ရောက်လာအောင်၊ နောက် သူတို့ကျင်းပနေတဲ့ ၂၁ ပင်လုံ ကို မြန်မြန်ရောက်လာအောင် အဲဒီအတွက် ဖိအားပေးတဲ့ သဘောလည်း သက်ရောက်မယ်လို့ ကျနော်တို့ ယူဆပါတယ်။"

အဲဒီ ဂိတ်စခန်းဟာ မွန်ပြည်သစ်ပါတီက တပ်ဖွဲ့တွေ ချထားတဲ့ စခန်းမျိုးမဟုတ်ဘဲ မြို့နယ် ကော်မတီဝင် တစ်ယောက်နဲ့ အကူရဲဘော်တစ်ယောက်သာ ရှိတဲ့ အခွန်ကောက်တဲ့ ဂိတ်စခန်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မွန်အမျိုးသားနေ့ အခမ်းအနားမှာ စစ်ရေးပြအခမ်းအနား မထည့်ဖို့ တပ်မတော်ဘက်က တားမြစ်ခဲ့ပေမယ့် မွန်ပြစ်သစ် ပါတီက ထည့်သွင်းခဲ့တဲ့ နောက်ပိုင်းမှာ တပ်မတော်နဲ့ မွန်ပြည်သစ်ပါတီကြား စစ်ရေး တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မွန်ပြည်သစ်ပါတီရဲ့ ဘုရားတောင် ဂိတ်စခန်းနဲ့ ဇီးနှစ်ပင် ဂိတ်စခန်း တို့ကို တပ်မတော် ဖယ်ရှားခိုင်းခဲ့ပြီး နောက်တစ်နေ့ မှာပဲ ရေးမြို့က မွန်ပြည်သစ်ပါတီရဲ့ ဆက်ဆံရေး ရုံးကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ၀င်ရောက် စစ်ဆေးရှာဖွေစစ်ဆေးခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်ပြီး အပစ်ရပ် စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မွန်ပြည်သစ်ပါတီ အခွန်ကောက် ဂိတ်စခန်းတစ်ခု ဖယ်ရှားခံရ မွန်ပြည်သစ်ပါတီ အခွန်ကောက် ဂိတ်စခန်းတစ်ခု ဖယ်ရှားခံရ Reviewed by THITHTOOLWIN on 18:51 Rating: 5
Powered by Blogger.