လက်ပံတောင်းမှာ ၅ ဦးထက်ပိုပြီး လူစုလူဝေးမလုပ်ဖို့ အမိန့်ထုတ်

ဝမ်ပေါင်ကုမ္ပဏီရဲ့ ကျောက်သယ်ယာဉ်တွေကို ပုသိမ်-မုံရွာလမ်းကနေ ဖြတ်သန်းခွင့်မပြုဖို့ လက်ပံတောင်းဒေသခံတွေ မတ်လ ၁၄ ရက်နေ့က တားမြစ်တောင်းဆိုကြစဉ်။ Photo: Soe Lin Oo
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ပုသိမ် - မုံရွာ ကားလမ်းမပေါ်မှာ ၅ ဦးထက်ပိုတဲ့ လူစုလူဝေးမလုပ်ဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေကစတင်ပြီး အမိန့်စာထုတ်ပြန် လိုက်ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီကို ပို့ဆောင်နေတဲ့ ကျောက်သယ်ကားတွေ ပုသိမ်-မုံရွာကားလမ်းကနေ ဖြတ်သန်းသွားလာနေတဲ့ အပေါ် ဒေသခံတွေက ပိတ်ဆို့တားဆီးနေတာကြောင့် အမိန့်ထုတ်ပြန်လိုက်တာလို့ ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်း က ပြောပါတယ်။

"အခုလတ်တလော တားမြစ်မိန့်ထုတ်တယ်ဆိုတာ ဥပဒေနဲ့မညီဘူး လမ်းမှာ လာရောက်ပိတ်ပင် တားဆီးနေတဲ့အတွက် ဥပဒေနဲ့အညီဆောင်ရွက်ဖို့ ထုတ်တာပါ။ လတ်တလော မြေပြင်အခြေအနေ ကတော့ ကျောက်ကားတွေ ပြေးဆွဲနေတယ်ပေါ့"

ထုတ်ပြန်လိုက်တဲ့အမိန့်စာမှာ ပုသိမ်-မုံရွာ ကားလမ်းမအပေါ် ဆူပူလှုံ့ဆော်လိုတဲ့ ရည်ရွယ်ချက်နဲ့ လူ ၅ ဦးထက်ပိုတဲ့ အစုအဝေးမပြုဖို့၊ တုတ်၊ ဓါး၊ လက်နက်၊ လောက်လေးဂွနဲ့ မီးလောင်စေတဲ့အရာတွေ ကိုင်ဆောင်ခြင်း မပြုဖို့ နဲ့ ပုသိမ်- မုံရွာကားလမ်းမတလျှောက်မှာ တားဆီးပိတ်ဆို့တာတွေ၊ လူစုလူဝေးပြုလုပ်တာတွေမလုပ်ဖို့၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူတွေကို မနှောင့်ယှက်ဖို့နဲ့ တားမြစ်အမိန့်ကို လိုက်နာခြင်းမရှိရင် တည်ဆဲ ဥပဒေတွေအရ အရေးယူသွားမယ်လို့ ဖော်ပြပါရှိပါတယ်။

အမိန့်စာထုတ်ပြန်လိုက်တဲ့အပေါ် ဒေသခံတွေက ကျေနပ်မှုမရှိဘဲ ဒီနေ့အထိ ဒေသခံ တစ်ရာကျော်လောက် က ကျောက်သယ်ကားတွေကို ဆက်လက်တားဆီးနေတယ်လို့ မိုးကြိုးပြင် အလယ်ရွာဒေသခံတစ်ဦးဖြစ်တဲ့ ကိုလပြည့် က ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်တောင်ရွာ၊ မိုးကြိုးပြင်အလယ်ရွာနဲ့ မိုးကြိုးပြင်မြောက်ရွာအနီးက ပုသိမ်-မုံရွာ ကားလမ်းမကို အသုံးပြုပြီး မင်းတောရွာက ကျောက်တွေကို ဝမ်ပေါင်ကုမ္ပဏီဆီ သယ်ပို့ပေးနေတဲ့ ကားတွေ ကို ဒေသခံတွေက ပိတ်ဆို့တားဆီးတာတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ကျောက်သယ်ကားတွေ စည်းကမ်းမဲ့မောင်းနှင်တဲ့အတွက် ကျေးရွာကနွားတစ်ကောင်နဲ့ လူတစ်ဦးကို တိုက်မိခဲ့တာ တိမ်းမှောက်တာတွေ ရှိခဲ့ကြောင်းနဲ့ ဒေသခံတွေက ကုမ္ပဏီက အသုံးပြုနေတဲ့ကားတွေအတွက် လမ်းသပ် သပ်ဖောက်ပြီး သွားလာစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
လက်ပံတောင်းမှာ ၅ ဦးထက်ပိုပြီး လူစုလူဝေးမလုပ်ဖို့ အမိန့်ထုတ် လက်ပံတောင်းမှာ ၅ ဦးထက်ပိုပြီး လူစုလူဝေးမလုပ်ဖို့ အမိန့်ထုတ် Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.