လိပ်ကျွန်းလူသတ်မှု အယူခံ ပယ်ချခံရ


ကော့တောင်ကျွန်း(လိပ်ကျွန်း)တွင် ၂၀၁၄ ခုနှစ်က ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချမှတ်ခံထားရမှုအတွက် အယူခံလျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့ကြောင်း မတ်လ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံ ကော့စမွီခရိုင် ကော့တောင်ကျွန်း(လိပ်ကျွန်း)တွင်ဖြစ်ပွားခဲ့သော အဆိုပါ လူသတ်မှုကို ကျုးလွန်သည်ဟုဆိုကာ ဇော်လင်းနှင့် ဝေဖြိုးတို့အား ၂၀၁၅ ဒီဇင်ဘာလက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းအမှုကို စစ်ဆေးရာတွင် အစိုးရဘက်မှတင်ပြသော သက်အသေအထောက်အထားများသည် ခိုင်မာလုံလောက်သည်ဟုဆိုကာ ကော့စမွီ အယူခံတရားရုံးက ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် လျှို့ ၀ှက်ဆုံးဖြတ်၍ အယူခံကိုပယ်ချခဲ့ခြင်းဖြစ်သည်။

ယင်းဆုံးဖြတ်ချက်ကို ဇော်လင်းနှင့် ဝေဖြိုးတို့၏ ရှေ့နေများကို အသိမပေးဘဲ တရားခံများထံ တိုက်ရိုက်အသိပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကြောင့် အံ့အားသင့်ခဲ့ရကြောင်း တရားခံရှေ့နေများကပြောသည်။

“ကျွန်တော်တို့က နိုင်ငံတော်တရားရုံးချုပ်ကို အသနားခံစာတင်သွားမှာပါ”ဟု တရားခံရှေ့နေ နာခုံချုံပူချတ်က မတ် ၁ ရက်နေ့ နေ့လယ်ပိုင်းက ပြောသည်။ ၎င်းအနေဖြင့် အယူခံပယ်ချကြောင်းဆုံးဖြတ်ချက်ကို မဖတ်ရှုရသေးသဖြင့် အခြားမှတ်ချက်မပေးနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

News Watch
https://www.facebook.com/NewsWatchJournal/
လိပ်ကျွန်းလူသတ်မှု အယူခံ ပယ်ချခံရ လိပ်ကျွန်းလူသတ်မှု အယူခံ ပယ်ချခံရ Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.