ကိုဆွေဝင်း ကို ဦးဝီရသူရဲ့ မိန့်ကြားမှုနဲ့ ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြား

Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ Photo: Thant Zin Oo/ RFA
အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆရာတော် ဦးဝီရသူရဲ့ မိန့်ကြားမှုနဲ့ တပည့်ဒကာဖြစ်သူ ဦးကျော်မျိုးရွှေက Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ်(၇) နယ်မြေရဲစခန်းမှာ မနေ့ညက အမှုဖွင့်လိုက်ပါတယ်။

အမှုကို လက်ခံထားတဲ့ အမှတ် ၇ နယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်ကျော်သူ က အမှုနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

"Ba Kaung အကောင့်သုံးစွဲသူ Myanmar Now သတင်းထောက် ဦးဆွေဝင်းက လူမှုကွန်ရက်မှာ ဆရာတော် ဦးဝီရသူ ကို ဂုဏ်သိက္ခာကျဆင်းမယ့် စာသားအသုံးအနှုန်းမျိုးရေးလို့ပေါ့၊ ဒါနဲ့ပတ်သတ်လို့ ဆရာတော်ဦးဝီရသူ က သူ့ကိုဂုဏ်သိက္ခာကျဆင်းအောင်ရေးသားနေတယ်၊ ၇ ရက်အတွင်း လာတောင်းပန်ပါလို့ ဦးဆွေဝင်းဆီကို လူမှုကွန်ရက်ကနေ ပြန်တင်တယ်။ မနေ့က ၇ ရက်ပြည့်တဲ့နေ့ထိ ဦးဆွေဝင်းကလာပြီး မတောင်းပန်ဘူး၊ အဲ့ဒါကြောင့်အမှုဖွင့်တာပေါ့"

အမှုဖွင့်ခံထားရတဲ့ ကိုဆွေဝင်းက သူ့အနေနဲ့ ဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာဖြစ်သလို သာသနာရေးကို အသုံးချပြီး ရာဇ၀တ်မှုမြောက်စေတဲ့ လှုံ့ဆော်မှုတွေ လုပ်နေတာကို လက်မခံကြောင်း ပြောပါတယ်။

Ba Kaung အကောင့်အသုံးပြုသူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းဟာ ဖေဖော်ဝါရီလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ "ရွေးကောက်ပွဲပြီးကတည်းက အသံတိတ်သွားတဲ့ (မဘသ) ပြန်လာပြီ၊ ၀ီရသူပါရာဇိက ကျပြီး ရဟန်းဘ၀ နိဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်၊ ပါရာဇိက ခုမှကျတာတော့ မဟုတ်လောက်ဘူး " လို့ ရေးသားခဲ့ပါတယ်။

အဲဒီလိုရေးသားတာတွေနဲ့ ပတ်သတ်ပြီး ဆရာတော်ဦးဝီရသူက ကိုဆွေဝင်း ကို ၇ ရက်အတွင်း လာရောက်တောင်း ပန်ဖို့ မတောင်းပန်ပါက အမှုဖွင့်အရေးယူသွားမယ်လို့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြန်လည်ရေးသားခဲ့ ပါတယ်။

ဒါ့အပြင် သတင်းစာသမားတစ်ယောက်အနေနဲ့ အဓမ္မကို အဓမ္မအဖြစ် ထောက်ပြခဲ့တာနဲ ပတ်သက်ပြီး မည်သည့်နည်းနဲ့မှ တောင်းပန်စရာ၊ ညှိနှိုင်းစရာ မရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကိုဆွေဝင်း ကို ဦးဝီရသူရဲ့ မိန့်ကြားမှုနဲ့ ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြား ကိုဆွေဝင်း ကို ဦးဝီရသူရဲ့ မိန့်ကြားမှုနဲ့ ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြား Reviewed by THITHTOOLWIN on 22:20 Rating: 5
Powered by Blogger.