နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာအမျိုးသမီးများ ရက်သတ္တပတ်၏ ဖိုရမ် ဖွင့်ပွဲအခမ်းအနား တက်ရောက်
နေပြည်တော် မတ် ၆
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေးအသိုက်အ၀န်းမှ အမျိုးသမီးများကို နေပြည်တော်ရှိ Kempinski Hotel ၌ တွေ့ဆုံပြီး စိတ်ဓာတ်တော်လှန် ရေးတွင် အမျိုးသမီးများ ရှေ့တန်းက ပါဝင်ခဲ့သည့် အစဉ်အလာကို ချမှတ်နိုင်ရန် ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ ၏ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ၏ဇနီး ဒေါက်တာရွှေလွမ်း၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေမြင့်၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးသိန်းဆွေ၊ နေပြည် တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီအခမ်းအနားမှာ ကြွရောက်လာတဲ့ ဧည့်သည်တော်များအားလုံးကို ကျွန်မက ကြိုဆိုနှုတ်ခွန်း ဆက်သပါတယ်။ ကျွန်မတို့အခု အမျိုးသမီးများနဲ့ သက်ဆိုင်တဲ့ကိစ္စတွေကို ဆွေးနွေးမယ့်အပတ်မှာ အမျိုးသမီးများနဲ့ သက်ဆိုင် တဲ့ ကိစ္စတွေကို ဖော်ယူခြင်းဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးသမီးများရဲ့ ကဏ္ဍဆိုတာ ကျွန်မတို့ နိုင်ငံမှာ သာမကပါဘူး တစ်ကမ္ဘာလုံးအတွက်တောင်မှ အရေးကြီးပါတယ်။ အဲ့တော့ ကျွန်မတို့ နိုင်ငံမှာတော့ အမျိုးသမီးများဟာ အမျိုးသားများနဲ့ တန်းတူညီတူအခွင့်အရေးရှိတယ်ဆိုပြီးတော့ ကြွားဝါပြီးပြောလေ့ရှိပါတယ်။
တကယ်တော့ မမှန်ပါဘူး ဆိုတာလည်း အများကြီးတွေ့ရပါတယ်။ ဘယ်လိုပဲ ပြောပြော ကျွန်မတို့ရဲ့ ယဉ်ကျေးမှုအရ ကျွန်မတို့ဒေသရဲ့ ယဉ်ကျေးမှုအရ ပြောရမယ်ဆိုလို့ရှိရင် ကမ္ဘာကြီး ရဲ့ ယဉ်ကျေးမှုအရ အမျိုးသားများဟာ အမျိုးသမီးများထက် သမိုင်းအစဉ်အလာအရ ပိုပြီးတော့ အခွင့်အရေးတွေရခဲ့ပါတယ်။ သို့သော်ငြားလည်း ကျွန်မတို့မြန်မာနိုင်ငံရဲ့ အမျိုးသမီးများကတော့ တတ်နိုင်တဲ့ဘက်ကနေပြီးတော့ အမျိုးသားတွေနဲ့ တန်းတူရင်ပေါင်တန်းပြီးတော့ လုပ်စရာတွေ ရှိပါတယ်။ တတ်နိုင်တဲ့ဘက်က ဆိုတာဟာ တကယ်ကျွန်မတို့ရဲ့ သမိုင်းကို ပြန်ကြည့်လိုက်လို့ ရှိရင် စီးပွားရေးဘက်မှာ အစကတည်းက ကျွန်မတို့ အမျိုးသမီးတွေ ပါဝင်တာကို တွေ့ခဲ့ရပါ တယ်။
ဒီနေ့ကျွန်မတို့ရဲ့ အမျိုးသမီးများ အပတ်ကို အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးတာ ဟာ အင်မတန်မှ သင့်တော်ပါတယ်။ သို့သော်ငြားလည်း ကျွန်မ တစ်ခါတည်း ပြောသွားပါမယ်။ ကျွန်မတို့ နှစ်ဆန်းကတည်းက သတ်မှတ်လိုက်တာဟာ လတိုင်း လတိုင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ စကားဝိုင်း Peace Talk ဆိုပြီးတော့ ကျင်းပသွားမယ်။
ဒီလိုပဲ ပြည်သူတွေထဲက ကဏ္ဍအသီးသီးနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်များနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးစကားပြောမယ်ဆိုပြီးတော့ ကျွန်မတို့ မူချထားတာဖြစ်ပါတယ်။ အခု ဒီနေ့ဟာလည်း Business Talk ဆိုပြီးတော့ စီးပွားရေးနဲ့ဆိုင်တဲ့ စကားဝိုင်းမှာလည်းပဲ စီးပွားရေး ဘက်ကနေပြီးတော့ ငြိမ်းချမ်းရေးကို ဘယ်လိုပံ့ပိုးပေးနိုင်မလဲဆိုတဲ့အမြင်နဲ့ပဲ ကျွန်မတို့ ဆွေးနွေး သွားစေချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဘယ်လိုလုပ် စီးပွားရေးဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်မလဲ။ စီးပွားရေးကို ကျွန်မတို့ အားပေးတယ် ဆိုတာဟာ လူသားများရဲ့ အကျိုးစီးပွားကို အားပေးတာပါ။ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းတစ်ခုအတွက် အကျိုးစီးပွားကို အားပေးတာ မဟုတ်ပါဘူး။ အားလုံး လူသားများ အားလုံးရဲ့ အကျိုးစီးပွားကို ဦးတည် ပြီးတော့ စီးပွားရေးကို ကျွန်မတို့က အားပေးတာဖြစ်ပါတယ်။
ဘယ်လိုပဲပြောပြော ကျွန်မတို့ လူသားများဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းရှိတဲ့ နေရာမှာ ရုပ်ပိုင်းကို ဘယ်လိုမှ လျစ်လျူရှုထားလို့မရပါဘူး။ စီးပွားရေးဆိုတာ ရုပ်ပိုင်းပံ့ပိုးမှုအတွက် အရေးကြီးသလို စိတ်ပို်င်းပံ့ပိုးမှုအတွက်လည်း အင်မတန်မှ ထိရောက်နိုင်ပါတယ်ဆိုတာ ကျွန်မတို့ သဘောပေါက် ဖို့လိုပါတယ်။ အဲ့တော့အခု ကျွန်မတို့အနေနဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးတွေကို ကြိုးစားတဲ့ အခါမှာ ကမ္ဘာတစ်လွှား ကျွန်မတို့ နိုင်ငံမှာ အမျိုးသမီးများရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်လို့ တန်းတူညီတူ ရှိတယ်လို့ ပြောနိုင်ပါ့မလား ဆိုတာကို ကျွန်မတို့ စဉ်းစားရပါမယ်။
ဥပဒေတွေနဲ့ပဲကြည့်မယ် ဆိုလို့ရှိရင်တော့ တစ်ချို့နိုင်ငံတွေဟာ ကျွန်မတို့ထက် သာနေ တယ်ဆိုတာ ငြင်းလို့မရပါဘူး။ သို့သော်လည်း ဥပဒေတွေကိုပဲ ကြည့်လို့လည်းမရပါဘူး။ ဥပဒေ ရဲ့ အကျိုးသက်ရောက်မှုကိုလည်း ကျွန်မတို့ ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ အမျိုးသမီးများရဲ့ အခွင့်အရေးများကို စဉ်းစားမယ်ဆိုလို့ရှိရင် တရားဥပဒေစိုးမိုးရေးကိုလည်း အဓိကထားပြီးတော့ စဉ်းစားဖို့ အင်မတန်မှ အရေးကြီးပါတယ်။
တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့ အမျိုးသမီးတွေ တန်းတူညီတူ အခွင့်အရေးရဖို့ ဘယ်လို ဥပဒေတွေနဲ့ ပြဋ္ဌာန်း ဒီဥပဒေတွေဟာ စက္ကူပေါ်မှာပဲ ရှိပြီးတော့ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်း ပေါ်မှာ အကျိုးသက်ရောက်မှု မရှိနိုင်ဘူး။ အခုဆိုလို့ရှိရင် ကုလသမဂ္ဂအဖွဲ့အစည်းကြီးနဲ့ ပတ်သက်ပြီးတော့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ အများကြီးပါဝင်ပြီးတော့ လှုပ်ရှားနေ တယ်ဆိုတာ ကျွန်မတို့ တွေ့ခဲ့ရပါတယ်။
အရင်နှစ်တုန်းက ကျွန်မက ကမ္ဘာ့ကုလသမဂ္ဂ အစည်းအဝေးကြီးကို တက်တဲ့အခါမှာ အဲ့ဒီအစည်းအဝေး ကျင်းပတဲ့အချိန်မှာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများ၊ လူမှုအသိုင်းအဝိုင်း နဲ့ဆိုင်တဲ့ အဖွဲ့အစည်းများကလည်း အများအပြားရောက်နေကြပြီဆိုတာ ကျွန်မတွေ့မြင်နေရပါ တယ်။ ဒီအဖွဲ့အစည်းများကလည်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေမှာ အတော်အတန် သြဇာ သက်ရောက်မှု တွေရှိတယ်ဆိုတာလည်း ကျွန်မတွေ့မြင်နေပါတယ်။
ကျွန်မတို့ နိုင်ငံရဲ့ အမျိုးသမီးများဟာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ ပါဝင်ကြပြီ ဆိုလို့ရှိရင်လည်း တာဝန်ယူမှုကိုလည်း အဓိကထား စေချင်ပါတယ်။ တစ်ချို့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများဟာ အစိုးရအဖွဲ့အစည်း မဟုတ်လို့် အစိုးရကနေ တာဝန်မရှိပေမယ့်လည်း သြဇာ ရှိသင့်တဲ့နေရာမှာကျတော့ အစိုးရထက် ရှေ့ပြေးချင်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိနေတယ်ဆိုတာ ကျွန်မ တို့ တွေ့ရပါတယ်။ ဒီတော့တာဝန်ယူမှုကို ထားပစ်ခဲ့ပြီးတော့ လုပ်ပိုင်ခွင့်ကို စဉ်းစားဖို့မဖြစ်ပါ ဘူး။ ကျွန်မတို့ အမျိုးသမီးများဟာ ဒီနေရာမှာ စံနမူနာ ဖြစ်စေချင်ပါတယ်။ တစ်ကမ္ဘာလုံး သိအောင်လို့ ကျွန်မတို့ အမျိုးသမီးများဟာ အခွင့်အရေး တောင်းခံလာတာနဲ့အမျှ တာဝန်ယူဖို့ သတ္တိရှိတယ် ဆိုတာကို သက်သေပြဖို့ အင်မတန်မှ အရေးကြီးပါတယ်။
ဒါ့ကြောင့် အမျိုးသမီးများ အခွင့်အရေးရခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ စံနှုန်းစံထား တွေဟာ မြင့်မားလာခဲ့တယ်။ ဒီအမျိုးသမီးများဟာ မိမိတို့ရဲ့ အခွင့်အရေးတွေ တောင်းရုံ သာမက မိမိတို့ရဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့ စိတ်အားထက်သန်တယ် ဆိုတာကို ကျွန်မတို့ နိုင်ငံကအမျိုးသမီးတွေ ပြစေချင်ပါတယ်။ အခွင့်အရေးတောင်းပြီးတော့ တာဝန်ဘက် ကျတော့ အစိုးရအားလုံးလုပ် ဆိုတာဟာ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ မကိုက်ညီဘူးလို့ ကျွန်မတော့ ဒီလိုပဲသုံးသပ်ပါတယ်။
ကိုယ့်မှာ အခွင့်အရေး ရှိလာတာနဲ့အမျှ တာဝန်ယူရတာကိုလည်း ဂုဏ်ယူရမယ်။ တာဝန် ဆိုတာဟာ မလုပ်မဖြစ်လုပ်ရမယ့် ဝန်ထုပ်ဝန်ပိုးကြီးလို့ မစဉ်းစားဘဲနဲ့ တာဝန်ယူပိုင်ခွင့်ရတာကို က အခွင့်အရေးပဲ၊ နိုင်ငံသားတစ်ယောက်ရဲ့ ရသင့်တဲ့ အခွင့်အရေးတစ်ခုပဲဖြစ်တယ်။ ဒါကြောင့် မို့ ကျွန်မတို့ တာဝန်ယူမယ်၊ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျွန်မတို့ အမျိုးသမီးများ ကျွန်မတို့ နိုင်ငံတိုးတက်ရေး အတွက်၊ ကမ္ဘာကြီးတိုးတက်ရေး အတွက် ကို ဦးတည်ပြီးတော့ လုပ်သွားစေချင်ပါတယ်။
ကွက်ပြီးတော့ ကိစ္စတစ်ခုကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ ရသင့်ရထိုက်တဲ့ တိုးတက်မှု တွေ မရနိုင်ပါဘူး၊ ဒါကြောင့်မို့ အခုကျွန်မတို့ ဒီကနေ့ဆိုလို့ရှိရင် အဓိက စီးပွားရေးလူငယ် အမျိုးသမီးများ အသိုင်းအဝိုင်း ရောက်နေတာဖြစ်ပါတယ်။ သို့သော်ငြားလည်း စီးပွားရေး အသိုင်းအဝိုင်းအတွက်ပဲ စဉ်းစားလို့မရပါဘူး။ ကျွန်မတို့ ဆွေးနွေးပွဲမှာလည်း ပြောသွားတာ တွေရှိမှာပါ တစ်ချို့စီးပွားရေး လုပ်ငန်းရှင်များလည်း ဘယ်လိုပရဟိတလုပ်ငန်းတွေ စပြီးလုပ်ခဲ့ တယ်၊ စီးပွားရေးကနေပြီးတော့ လူမှုရေးကို အထောက်အကူပြုခဲ့တယ် ဆိုတာတွေ ဒါတွေလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်များဟာ စီးပွားရေးကိုပဲ ကွက်ပြီးကြည့်လို့မရသလို ကျွန်မ တို့ရဲ့ နိုင်ငံအတွက်ပဲ ကြည့်လို့မရပါဘူး၊ နောက်ဆုံးကျတော့ ကမ္ဘာကြီးအတွက်လည်း ကြည့်ရ မယ်၊ အခုနေချိန်ခါမှာ ဘယ်လိုမှ ရှောင်ရှားလို့မရပါဘူး၊ ကျွန်မတို့ နိုင်ငံနဲ့ အခြားပြည်ပနိုင်ငံတွေ ဟာ ဆက်နွှယ်မှုတွေ အမျိုးမျိုးရှိနေပါတယ်။ ဒီဆက်နွှယ်မှုတွေကို ကျွန်မတို့ ကနေပြီးတော့ အသိအမှတ်ပြုပြီးတော့ ဘယ်လိုအကောင်းဆုံး ဖြစ်အောင်လုပ်ရမလဲ၊ အတ္တဟိတ ပရဟိတ ကိုယ့်အတွက် သူ့အတွက် ကျွန်မတို့ နိုင်ငံအတွက် တစ်ခြား နိုင်ငံများအတွက် အဲ့ဒီလို ကျွန်မတို့ ထိထိမိမိလုပ်မှ တကယ့်စစ်မှန်တဲ့ စိတ်ဓာတ်ကို ရနိုင်မှာဖြစ်တယ်။
ဒီလိုကျွန်မတို့ လုပ်နိုင်မှ အခြားနိုင်ငံက မစဉ်းစားရသေးတဲ့ ကိစ္စတွေကို စဉ်းစားမိမှာ ဖြစ်တယ်။ တီထွင်မှု ဆိုလို့ရှိရင် အများက ပြန်စိစစ်ပြီး တီထွင်မှုကို စီးပွားရေးနှင့် ရုပ်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ စစ်ဆေးရမှာပါ။ ဒီလိုကျွန်မတို့ လုပ်နိုင်မှ စဉ်းစားစရာလေးတွေရှိရင် စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ တီထွင်မှုဆိုလို့ရှိရင် အများက စီးပွားရေးနှင့် လိုအပ်ချက်တွေကို စဉ်းစားကြပါ တယ်။ ဥပမာအားဖြင့် စီးပွားရေး မဟုတ်တဲ့ ကျန်းမာရေးနှင့် ပတ်သက်တဲ့ တီထွင်မှုတွေရှိမယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ တီထွင်မှုတွေရှိမယ်။ ဒီလိုတီထွင်မှုဆိုတာ လက်တွေ့ကျကျ လုပ်ငန်း အတွက် အများက စဉ်းစားကြပါ။
ဒါပေမဲ့ အရေးကြီးဆုံးက တီထွင်မှု ဆိုတာကတော့ စိတ်ပိုင်းဆိုင်ရာပေါ့။ ကျွန်မတို့အနေနဲ့ ဒီမိုကရေစီ တော်လှန်ရေး၊ ဒီမိုကရေစီ လှုပ်ရှားရေးဆိုတာ ကျွန်မပြောခဲ့ပါတယ်။ နိုင်ငံရေး တော်လှန်ရေးနဲ့ မဟုတ်ဘူး။ လူမှုရေး တော်လှန်ရေးနဲ့ မဟုတ်ဘူး။ စိတ်ဓာတ် တော်လှန်ရေးပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ပြောင်းနိုင်မှ ကျွန်မတို့ လူမှုရေး၊ နိုင်ငံရေး ပြောင်းနိုင်မှာပါ။ ကျွန်မတို့ စိတ်ဓာတ်တွေကို မပြောင်းနိုင်ဘူးဆိုရင် ကျွန်မတို့ လူမှုရေး၊ နိုင်ငံရေးကိုလည်း ပြောင်းနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ အမျိုးသမီးများဟာ ကျွန်မတို့ နိုင်ငံတိုးတက်ဖို့ ပြချင်လို့ရှိရင် အမျိုးသမီးများအခွင့်အရေး ကိုယ်တင်ပြလာတဲ့ကိစ္စကိုသာ အားသန်ဖို့၊ ကျွန်မတို့ နိုင်ငံဟာ ဘယ်လိုစိတ်ဓာတ်ကို တော်လှန်ရေးကို အောင်မြင်အောင် အမျိုးသမီးများ ပံ့ပိုးပေးနိုင်သလဲဆို တာကို အမြင်ကနေ ရှုထောင့်ကနေ ကြည့်ပြီးတော့ လုပ်ပေးဖို့လိုပါတယ်။ ဒီကျွန်မတို့ရဲ့ စိတ်ဓာတ် တော်လှန်ရေးမှာ အမျိုးသမီးများက ရှေ့တန်းက ပါဝင်ခဲ့တယ်ဆိုတဲ့ အစဉ်အလာကို ချနိုင်ခဲ့မှာ ဖြစ်ပါတယ်။ အခြားနိုင်ငံမှာ အမျိုးသမီးများ အခွင့်အရေးတွေကို လုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်များကလည်း အမျိုးသမီးများ အခွင့်အရေး ဆိုတာက တကယ်တော့ လူသားများ လွတ်လပ်ရေးပဲ ဖြစ်တယ်ဆိုတာကို သဘောပေါက်တယ်လို့ ကျွန်မတော့ထင်ပါတယ်။
လူသားများ တိုးတက်ရေးအတွက် ဖြစ်တယ်ဆိုတာကို သဘောပေါက်လာမယ်လို့ ထင် တယ်။ လူသားများ တိုးတက်ရေးအတွက် အဓိကကျတဲ့ ကိစ္စကတော့ ငြိမ်းချမ်းရေးပဲ ဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးဆိုတာ ပြည်တွင်း ငြိမ်းချမ်းရေးတင်မကဘူး တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာကလဲ စိတ်ထဲကစတဲ့ ကိစ္စဖြစ်တယ်။
ငြိမ်းချမ်းချင်တဲ့စိတ်ရှိမှ ငြိမ်းချမ်းမယ်။ ငြိမ်းချမ်းရေးကို တကယ်မလိုလားဘူးဆိုရင် ပါးစပ်က ဘယ်လိုပဲပြောပြော ငြိမ်းချမ်းရေးရအောင်လို့ ကျွန်မတို့ အထောက်အကူပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ အမျိုးသမီးများဟာ ငြိမ်းချမ်းရေး ရဖို့အတွက် ကျွန်မတို့ နိုင်ငံနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းရေးရဖို့အတွက် ဘယ်လိုစိတ်ဓာတ်တွေ လိုအပ်သလဲဆိုတာကို သေသေချာချာစဉ်းစား ဆင်ခြင်ပြီးတော့ မိမိတို့လုပ်နေရတဲ့ တာဝန်တွေနဲ့ ဒွန်တွဲပြီးတော့ ဒီလို စိတ်ဓာတ်လေးတွေ ရှင်သန်တိုးတက်အောင် ကူညီပေးစေချင်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်များကလည်း စီးပွားရေးကဏ္ဍကနေပြီး ဘယ်လိုငြိမ်းချမ်းရေးကို အထောက်အကူပေး နိုင်သလဲဆိုတာကို ငြိမ်းချမ်းရေးကို အားပေးနိုင်တဲ့ စိတ်ဓာတ်တွေ တစ်ကမ္ဘာလုံးမှာ မြင့်မားလာအောင် ငါတို့ စီးပွားရေးရှုထောင့်ကနေ ဘယ်လိုလုပ်ရမယ် စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လိုလုပ်နိုင်လဲဆိုတာ စဉ်းစားဆင်ခြင်ကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။
နိဂုံးချုပ်အားဖြင့် ကျွန်မတို့ အခုအမျိုးသမီးများ အခမ်းအနားမှာ အမျိုးသားအချို့ ပါလာတဲ့ အတွက် အင်မတန်မှ ဝမ်းသာပါတယ်။ ကျွန်မအနေနဲ့ မိခင်နဲ့ ကလေးစောင့်ရှောက်ရေး အဖွဲ့နဲ့ ပတ်သက်ပြီးတော့မှ ပြန်လည်ဖွဲ့စည်းတဲ့ အခါကျတော့ ပထမတင်ပြတဲ့အထဲမှာ အမျိုးသား တစ်ယောက်မှမပါဘူး။
ကျွန်မကပြောတယ် အမျိုးသမီးတွေ၊ ကလေးတွေ စောင့်ရှောက်ရေးဆိုတာ အမျိုးသား တွေနဲ့ မဆိုင်ဘူးလားဆိုတော့ အခုတော့ အမျိုးသားတွေပါလာပြီ။ ကျွန်မတို့ အမျိုးသမီးတွေ အတွက် အမျိုးသားတွေက တာဝန်ယူရသလို၊ အမျိုးသားတွေ အတွက်လဲ အမျိုးသမီးတွေက တာဝန်ယူရပါတယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်ရဲ့ခင်ပွန်းတွေ ကိုယ့်ရဲ့သားတွေ၊ တူတွေကိုလဲ အမျိုးသမီးများဟာ စောင့်ရှောက်သလို သွန်သင်ဆုံးမစရာရှိရင်လည်း သွန်သင်ဆုံးမ ကြပါလို့ တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်းက ယနေ့ပွဲသည် အမျိုးသမီးများ ရက်သတ္တပတ်၏ ဖွင့်ပွဲင်ဖြစ်ပါကြောင်း။ ယခု ကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး လုပ်ကိုင်ဆောင်ရွက်နေရသည့် ကိစ္စများ၊ စီးပွားရေးလုပ်ငန်းခွင်များအပြင် ဘက်စုံကဏ္ဍစုံမှ အားလုံးတန်းတူ တစ်ဘက်တစ်လမ်းမှ အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက် နေကြသည့် မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသည့်အနေဖြင့် အမျိုးသမီးများသာမက လေးစား ယုံကြည်ပြီး တန်းတူဆက်ဆံနေသည့် အမျိုးသားများကိုလည်း ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း။
ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအနက် ပဉ္စမမြောက် ပန်းတိုင်ဖြစ်သည့် ကျား-မ တန်းတူညီမျှရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ် များအား စွမ်းဆောင်ရည်မြှင့်တင်ပေးပြီး အသိပညာပေးခြင်း၊ မဟာဗျူဟာများ ရေးဆွဲချမှတ် ခြင်းတို့ ဆောင်ရွက်ပေးသွားနိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့်အတူ တစ်ဖက်တစ်လမ်းမှ အကောင်အထည်ဖော်ခြင်း ဖြစ်ပါကြောင်း။
ယခုကျင်းပသည့် ဖိုရမ်သည် ပြည်သူတစ်ရပ်လုံး ပါဝင်သည့် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ရန် မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် မည်သို့ပါဝင်ကြမည်ဆိုသည်ကို ဆက်လက် ဆွေးနွေး ကြပြီး မိမိပတ်ဝန်းကျင်၊ အဖွဲ့အစည်းနှင့် လူ့ဘောင်တစ်ရပ်လုံးတွင် တန်းတူညီမျှမှုများကို အားလုံးဝိုင်းဝန်း အကောင်အထည်ဖော်ကြပါဟု တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ၏ စကားဝိုင်းကို အမျိုးသမီး၊ အမျိုးသား တန်းတူအခွင့်အရေး၊ ရိုးရာအစွဲမှ ရုန်းထွက်ခြင်း၊ လူ့စွမ်း အား အရင်းအမြစ်ကဏ္ဍဖွံ့ဖြိုးမှု၊ ယနေ့ခေတ်စီးပွားရေးနှင့် အမျိုးသမီးကဏ္ဍ၊ အမျိုးသမီး နှင့် လုပ်ငန်းခွင် လုံခြုံမှု၊ စွမ်းရည်မြှင့်တင်ရေး နည်းလမ်းသွယ်၊ ယနေ့စီးပွားရေး လုပ်နေသူများ နှင့် နောင်တက်လာမည့် လူငယ်စီးပွားရေး လုပ်ငန်းရှင်များအတွက် အမှာစကား ခေါင်းစဉ်များ ဖြင့် ဆက်လက်ကျင်းပသည်။
အဆိုပါ စကားဝိုင်းသို့ စီးပွားရေး လုပ်ငန်းနယ်ပယ် အသီးသီးမှ ဒေါ်ခင်နှင်းစိုး၊ ဒေါ်ဝင်းဝင်း တင့်၊ ဒေါ်နန်းလိုင်းခမ်း၊ ဒေါ်အိဖြိုးဟန်၊ ဒေါ်ယဉ်မျိုးစု၊ ဒေါက်တာဒေါ်ဌေးဌေးကြည်၊ ဒေါ်တင့်တင့် လွင်၊ ဒေါ်ဖြူအိသိမ်းနှင့် ဒေါ်ချိုလဲ့အောင် တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
စကားဝိုင်းအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖိုရမ်သို့ တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။
၂၀၁၇ ခုနှစ် မြန်မာအမျိုးသမီးများ ရက်သတ္တပတ် ဖိုရမ်၏ ဆောင်ပုဒ်မှာ ပြည်သူအားလုံး ပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သည်။
Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာအမျိုးသမီးများ ရက်သတ္တပတ်၏ ဖိုရမ် ဖွင့်ပွဲအခမ်းအနား တက်ရောက်
Reviewed by THITHTOOLWIN
on
16:29
Rating:
