မြန်မာနိုင်ငံတွင် ပထမဆုံး ကလေးကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု မ္တလေးတွင် အောင်မြင်စွာပြုလုပ်နိုင်ခဲ့


မန္တလေး မတ် ၂

မြန်မာနိုင်ငံတွင် ပထမဆုံးကလေး ကျောက်ကပ်အစားထိုးခြင်းကို မ္တလေး မြို့ ခုတင် (၃ဝဝ) ဆံ့ ကလေးဆေးရုံမှ နာတာရှည် ကျောက်ကပ်ဝေဒနာရှင် နှစ်ဦးအား ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်က မန္တလေးဆေးရုံကြီး ဆီးနှင့် ကျောက်ကပ် ခွဲစိတ်ကုဆောင်တွင် ကျောက်ကပ် အစားထိုးခွဲစိတ်ကုသခြင်းပြုလုပ်ခဲ့ရာ အောင်မြင်မှုရရှိခဲ့သဖြင့် ဆေးပညာသမိုင်းတွင် မှတ်ကျောက် တင်နိုင်ခဲ့ကြောင်း ကလေးကျောက်ကပ် ဆရာဝန်ဒေါက်တာ ကျော်သူရက ပြော သည်။

ဖေဖော်ဝါရီ ၂၄ရက်နှင့် ၂၅ ရက်က ခွဲစိတ်အစားထိုးခဲ့သူ လူနာနှစ်တွဲတွင် ၁၆ နှစ်အရွယ်နှင့် ၁၂ နှစ်အရွယ်ဖြစ်၍ ကျောက်ကပ်ပေးလှူသူ မိခင်များမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး ကလေးများ ခန္ဓာကိုယ်မှလက်ခံထားသည့် ကျောက် ကပ်များကလည်း ပုံမှန်အတိုင်းအလုပ် လုပ်နေပြီး ဆက်လက်၍ ဆေးရုံတွင်တစ်လခန့်စောင့်ရှောက်ရမည်ဖြစ်သည်။
''ပထမအတွဲခွဲစိတ်မှုမှာ ၇ နာရီ ကြာတယ်။ နောက်ရက် ဒုတိယအတွဲ ခွဲစိတ်မှုမှာ ၆ နာရီကြာတယ်။ ဒီက ဆရာဝန်တွေနဲ့ စင်ကာပူက ကလေး ကျောက်ကပ်ဆရာဝန်ကြီး တစ်ဦးက လည်း ဆက်လက်စောင့်ရှောက်သွား မယ်။

လူတစ်ယောက်မှာ ပုံမှန်ရှိတဲ့ အတိုင်း ကျောက်ကပ် အလုပ်လုပ်နေပြီ။လှူတဲ့မိခင်တွေရော ကလေးတွေပါ ပုံမှန်ရှိပြီး အစာလည်း စားနေပြီဖြစ်လို့ အောင်မြင်မှုက ရာနှုန်းပြည့်နီးပါးပါပဲ'' ဟု ၄င်းက ပြောသည်။

ယခုအစားထိုးခွဲစိတ်ကုသမှုကို အား ကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနသို့ခွင့်ပြုချက်ရယူပြီး ဆေးပညာကျွမ်းကျင် ပညာရှင် ၂၂ ဦးပါဝင်သည့် လုပ်ငန်း ကော်မတီဖွဲ့စည်းခဲ့ကာ လိုအပ်သည့် ပြင်ဆင်မှုများကြောင့် အခက်အခဲမရှိ ခဲ့ကြောင်း၊ ယခုကဲ့သို့ အောင်မြင်ခဲ့သဖြင့် ကလေးကျောက်ကပ်အစားထိုးကုသမှု များကို လာမည့်မတ်လ (သို့မဟုတ်)ဧပြီ လတွင် ဆက်လက်အစားထိုးခွဲစိတ်ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
''အခုလို အောင်မြင်ခဲ့လို့ ပုံမှန် ကျောက်ကပ် အမြဲသန့်စင်နေရတဲ့ နာတာရှည်ကျောက်ကပ်ဝေဒနာရှင် ကလေးတွေကို ကျောက်ကပ်လဲလှယ်ပေး နိုင်တော့မှာပါ။ ဒါကလည်း မြန်မာနိုင်ငံမှာ ကလေးကျောက်ကပ်အစားထိုးမှု ပထမ ဆုံးဖြစ်ပါတယ်''ဟု ကလေးကျောက်ကပ် ဌာနတာဝန်ခံ ဆရာဝန် ဒေါက်တာ ချောစုခိုင်က ပြောသည်။

မန္တလေးဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုဆောင်၌ မြန်မာ နိုင်ငံတွင် ပထမဆုံးအကြိမ် ကလေး ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်း ကို ကလေးကျန်းမာရေးပညာဌာန၊ ကလေးခွဲစိတ်ပညာဌာန၊ မန္တလေး ကျောက်ကပ်အစားထိုးအဖွဲ့နှင့် စင်ကာပူ နိုင်ငံမှ အထူးကုဆရာဝန်များပါဝင်သည့် Organ Transplant Team တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ဆေးကုသမှု အပိုင်းတွင် မှတ်တိုင်တစ်ခုထူနိုင်ခဲ့ ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြန်မာနိုင်ငံတွင် ပထမဆုံး ကလေးကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု မ္တလေးတွင် အောင်မြင်စွာပြုလုပ်နိုင်ခဲ့  မြန်မာနိုင်ငံတွင် ပထမဆုံး ကလေးကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု မ္တလေးတွင် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ Reviewed by THITHTOOLWIN on 10:28 Rating: 5
Powered by Blogger.