လောက်ကိုင်တွင် အစိုးရတပ်နှင့် မြောက်ပိုင်းမဟာမိတ်တို့အကြား တိုက်ပွဲဖြစ်ပွားသဖြင့် လူပေါင်း ထောင်နှင့်ချီ တရုတ်ပြည်ဘက်ထွက်ပြေး


လောက်ကိုင်မြို့တွင် အစိုးရတပ်နှင့် မြောက်ပိုင်းမဟာမိတ် တို့အကြား တိုက်ပွဲဖြစ်ပွားသဖြင့် လောက်ကိုင်မြို့ရှိ လူပေါင်းများစွာ တရုတ်ပြည်ဘက် ထွက်ပြေးခြင်းများ ရှိကြောင်း တရုတ်ပြည်ဘက် ရောက်ရှိနေသူများ ၏ ပြောပြချက်အရ သိရသည်။

တရုတ်ပြည်ဘက်ခြမ်း နမ်စံမြို့ရှိ ဆရာတော်ဥူးကေသရာက “လူကတော့ တရုတ်ပြည်မှာတော့ ဘယ်က တိုက်တာလဲ လက်နက်ကြီး တွေ အသံကြားရတယ်။ အခုက ဒီဖြတ်လမ်းမှာ တရုတ်ရဲလမ်းမကြီး တလျှောက်ပေါ့။ လူကပြည့်လျှံနေတာပဲ။ အခုတောင် ခရီးသွားရင်း လှမ်းကြည့်တာ လမ်းတစ်လျှောက်မှာ ဟိုး…ကားရော ဆိုင်ကယ်ရော သုံးဘီးရော၊ နောက်ပြီးတော့ ဘာခေါ်မလဲ ဒွန်းမောင်း လားဘာလား အဲ့ဒီမှာ လူတွေအများကြီး ပြည့်နေတယ်” ဟု မတ်လ ၆ ရက်နေ့ နေ့ ၁၂ နာရီအချိန်က The Ladies News သို့ ပြောသည်။


တရုတ်ပြည်အတွင်း နေထိုင်သည့် တရုတ်- မြန်မာ နယ်စပ် စစ်ရေးအကဲခတ် တစ်ဦးကမူ ကိုးကန့် နှင့် အေအေ ရက္ခိုင်တပ်ဖွဲ့တို့ ပါဝင်သည့် တပ်ပေါင်းစု အဖွဲ့နှင့် တပ်မတော်တို့အကြား ယမန်နေ့ ညနေပိုင်းကတည်းက လောက်ကိုင်၊ တရုတ် မြန်မာနယ်စပ် ရန်လုံကျိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း . ဖြစ်ကြောင်း ယနေ့မနက်ပိုင်းက The Ladies News သို့ အတည်ပြုပြော ဆိုထားသည်။

လောက်ကိုင်မှ နမ်စံမြို့သို့ ထွက်ပြေး ရောက်ရှိနေသည့် င်္ကြခုတ် လုပ်သား တစ်ဦးက “ကျွန်တော်က ဒီဘက်မှာကြံခုတ်နေတာ။ ဖြစ်တာက ညက ၁၂ နာရီလောက်ဖြစ်တာ။ စစ်ဖြစ်တာ ကြားရတယ်။ သတင်းတော့ ကြားရတယ်။ တရုတ်ပြည်ဘက်မှာ ကြံခုတ်တာဆိုတော့ မသိဘူး”ဟု ပြောသည်။

တရုတ်လူမှုကွန်ရက် မီဒီယာဖြစ်သည့် We Chat တွင်မူ တိုက်ပွဲများ ပစ်ခတ်မှုများကြောင့် နေအိမ်အချို့နှင့် မော်တော်ကားများ မီးလောင်နေသည့် ဓာတ်ပုံ ၊ ဗီဒီယိုဖိုင်များကို တွေ့ရှိသည်။ အစိုးရတပ်မှ ၎င်းတို့အား ဒီဇင်ဘာလမှ စတင်ကာ အကြိမ်ကြိမ် ထိုးစစ်ဆင်နေခြင်းများရှိသည့် အတွက် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့အနေဖြင့် ပြန်လည်ခုခံ တိုက်ခိုက်နေရခြင်းများ ရှိကြောင်း ယနေ့(မတ် ၆ ရက်) နံနက် ၁၂ နာရီကျော်ခန့် အချိန်တွင် ကိုးကန့်၊ ဟုန်အိုင်ဒေသကို အပြင်းအထန် တိုက်ခိုက်နေသော မြန်မာစစ်တပ်အား မလွဲမချောင်သာ ပြန်လည်ခုခံ တိုက်ခိုက်နေရကြောင်း မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်လက်ပြီး လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုက်ကျေးရွာ၊ တုန်ချိန်၊ ကျိုဖန်၊ ရှင်းပိုင်ရှင့်၊ ကျင်ရှင့်ချိန် နှင့် ကျင်ဆန်ကျော် နှင့် အခြားနေရာနှစ်ခု၌လည်း မလွဲမချောင်သာ ခုခံကာကွယ်မှုများကို ပြန်လည် ပြုလုပ်နေရသဖြင့် မတ်လ ၆ ရက် နံနက် ၁၂ နာရီနောက်ပိုင်းမှစ၍ ဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ တိုက်ပွဲများ သည် ဆက်လက် ပြင်းထန်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံ ဆရာများအသင်းချုပ် ထုတ်ပြန်ချက် အရ လောက်ကိုင်စစ် ပွဲကြောင့် လောင်အဲချီမှ မူလတန်းပြ ဆရာမ ဒေါ်ပြာမီသည် မတ် ၆ ရက် နံနက် ၂ နာရီခန့်တွင် ထိခိုက်သေဆုံးသွားကြောင်းကို လာရှိုးရောက်နေသည့် ဆရာအသင်းဝင် တစ်ဦးက ပြောကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ လောက်ကိုင် တိုက်ပွဲနှင့် ပတ်သက်ပြီး မတ်လ ၆ ရက်နေ့ နေ့လယ် ၁ နာရီအထိ အစိုးရဘက်မှ သတင်းထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။

လောက်ကိုင်တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် ကိုးကန့် MNDAA အဖွဲ့နှင့် AA ရက္ခိုင့်တပ်ဖွဲ့တို့မှာ သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက ငြိမ်း ချမ်းရေး ဆွေးနွေးမှုများတွင် အခြားအဖွဲ့များနှင့် တန်းတူပါဝင်ခွင့်အတွက် ကန့်သတ်ခံထားရသည့် အဖွဲ့များဖြစ်ပြီး လွန်ခဲ့သည့် လအတွင်းက ၀ ဒေသ ပန်ဆန်းတွင် ကျင်းပခဲ့သည့် အန်စီအေ အပစ်မရပ် တိုင်းရင်းသားအဖွဲ့များ၏ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အဖွဲ့များလည်း ဖြစ်သည်။

စိုင်းဟန်
The Ladies News
https://www.facebook.com/News.TheLadies/
လောက်ကိုင်တွင် အစိုးရတပ်နှင့် မြောက်ပိုင်းမဟာမိတ်တို့အကြား တိုက်ပွဲဖြစ်ပွားသဖြင့် လူပေါင်း ထောင်နှင့်ချီ တရုတ်ပြည်ဘက်ထွက်ပြေး လောက်ကိုင်တွင် အစိုးရတပ်နှင့် မြောက်ပိုင်းမဟာမိတ်တို့အကြား တိုက်ပွဲဖြစ်ပွားသဖြင့် လူပေါင်း ထောင်နှင့်ချီ တရုတ်ပြည်ဘက်ထွက်ပြေး Reviewed by THITHTOOLWIN on 15:43 Rating: 5
Powered by Blogger.