ဥပဒေနှင့်မညီဘဲ နိုင်ငံသားကဒ် ထုတ်ပေးခြင်းကို စစ်တွေတွင် ၃ ရက်တိုင်တိုင် စုဝေးဆန္ဒပြမည်


စစ်တွေ ၊ မတ် ၁၉

ဥပဒေနှင့်မညီဘဲ နိုင်ငံသားကဒ် ထုတ်ပေးခြင်းကို စစ်တွေမြို့၊ ဝင်္ကဘာကွင်းတွင် မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ (၃)ရက်တိုင်တိုင် စုဝေးဆန္ဒပြမည်ဟု ဆန္ဒပြခေါင်းဆောင်များက ဆိုသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်မညီဘဲ နိုင်ငံသားဖြစ်ခွင့်ပေးသည်ဟုဆိုကာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနကို ယနေ့ မတ်လ ၁၉ ရက်နေ့၊ နေ့လည် ၁ နာရီတွင် ရခိုင်ပြည်နယ် မြို့နယ် (၅)မြို့နယ်တွင် လူထောင်နှင့်ချီပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပြီး စစ်တွေမြို့တွင် ဆန္ဒပြမှုအပြီး ဆန္ဒပြခေါင်းဆောင်များက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့ကာ (၃)ရက်တိုင်တိုင် စစ်တွေမြို့၊ ဝင်္ကဘာကွင်း၌ နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ စုဝေးဆန္ဒပြမည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


“ဒီနေ့ ဆန္ဒပြလို့အပြီးမှာ အစိုးရအဖွဲ့ နယ်လုံဝန်ကြီးဗိုလ်မှူးကြီး ထိန်လင်းနဲ့ တွေ့ခဲ့ပါတယ်။ လာမယ့် ၂၀ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ စစ်တွေမြို့မှာ ဆန္ဒဖော်ထုတ်မှာကို ဆွေးနွေးခဲ့တယ်။ သူတို့က (၈)ရက်ဆိုရင် များတယ်ဆိုပြီးပြောတယ်။ ကျနော်တို့က (၅)ရက်လုပ်ဖို့ ပြန်ပြောတယ်။ ဒါပေမဲ့ သူတို့က (၃)ရက်လုပ်ဖို့ပြောတဲ့အတွက် (၃)ရက်တိုင်တိုင် စုဝေးဆန္ဒပြသွားမှာပါ။ ကျနော်တို့ ဆန္ဒပြ ပွဲမှာ တောင်းဆိုခဲ့တာကိုတော့ အစိုးရအဖွဲ့က ဘာမှ မပြောခဲ့ဘူး။ ဆန္ဒပြမယ့် အဆင့်လောက်ကိုပဲ ပြောခဲ့သေးတယ် ” ဟု ဆန္ဒဖော်ထုတ်ရာမှ ဦးဆောင်ပါဝင်သူ စစ်တွေဒေသခံဦးအောင်ဌေးက ပြောသည်။

ယနေ့နေ့လည်ပိုင်းက ဆန္ဒဖော်ထုတ်ရာတွင် ဥပဒေချိုးဖောက်သူအား တရားစွဲဆိုရေး၊ ပြည်နယ် လဝကမှူး ဦးဝင်းလွင်ကို ဖမ်းဆီးအရေးယူရေး၊ တရားမဝင်ထုတ်ပေးနေသော ကဒ်များအား ပြန်သိမ်းရေး၊ နိုင်ငံသားစိစစ်ရေးကော်မတီတွင် ဒေသခံကိုယ်စားလှယ်များအား ထည့်သွင်းပေးရေးတို့ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဖဒူ ထွန်းအောင် / DMG
Development Media Group
https://www.facebook.com/dmgnewsagency/
ဥပဒေနှင့်မညီဘဲ နိုင်ငံသားကဒ် ထုတ်ပေးခြင်းကို စစ်တွေတွင် ၃ ရက်တိုင်တိုင် စုဝေးဆန္ဒပြမည်  ဥပဒေနှင့်မညီဘဲ နိုင်ငံသားကဒ် ထုတ်ပေးခြင်းကို စစ်တွေတွင် ၃ ရက်တိုင်တိုင် စုဝေးဆန္ဒပြမည် Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.