လောက်ကိုင်ရှိ ရဲစခန်းများ တိုက်ခိုက်ခံရနိုင်သည် ဟူသော သတင်း များကြောင့် ရဲတပ်ဖွဲ့ဝင် မိသားစုများအား နေရပ်ပြန်ရန် သတိပေးထား


လောက်ကိုင်ရှိ ရဲစခန်းများ တိုက်ခိုက်ခံရနိုင်သည် ဟူသော သတင်း များကြောင့် ရဲတပ်ဖွဲ့ဝင် မိသားစုများအား နေရပ်ပြန်ရန် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က သတိပေးထားသော်လည်း အထက်အမိန့် ညွှန်ကြား ထားမှုများကြောင့် မဟုတ်ဘဲ ကြိုတင်ပြင်ဆင်သည့် သဘောဖြင့် ရွှေ့ပြောင်း ထားခြင်းသာ ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက The Ladies သို့ မတ်လ ၁ ရက်တွင်ပြောသည်။

“ညွှန်ကြားမှုက လုံးဝမရှိဘူး။ နအစ ကလည်း ညွှန်ကြားမှုမရှိဘူး။ ၀န်ကြီးရုံးက လည်း ညွှန်ကြားမှုမရှိဘူး ၂၀၁၅ ၉ လပိုင်းမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဖြစ်လာလို့ရှိရင် ရဲတပ်ဖွဲ့ဝင်မိသားစုတွေ ထိခိုက် လာမှာဆိုးလို့ ပြန်ပြီးတော့မှ ခရိုင်မှူးရဲ့အစီအစဉ်နဲ့ ကျောင်းတွေဘာတွေ ပြီးတဲ့အခါမျိုးကျရင် နေရပ်ပြန်ဖို့ပေါ့။ ရွှေ့ပြောင်းထားတဲ့ ကိစ္စလောက်ပဲ ကြိုတင်ပြင်ဆင်ထားတာ။ အထက်အမိန့်အရ ညွှန်ကြားထားခြင်းမရှိ ပါဘူး” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက The Ladies သို့ပြောသည်။

လောက်ကိုင်ခရိုင်ရှိ တရုတ်နိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသော ကုန်းကြမ်း၊ မော်ထိုက်မြို့နယ် ကျေးရွာအချို့တွင် မြန်မာ့ တပ်မတော်နှင့် MNDAA တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း သိရသည်။ ဖေဖော်ဝါရီ အတွင်း မူလတန်းမှ န၀မတန်းအထိ စာမေးပွဲများပြီးဆုံးခဲ့ကာ ဒေသတွင်း ရဲတပ်ဖွဲ့ဝင်များကလွဲ၍ ရဲဝန်ထမ်း မိသားစုဝင်များ နေရပ်သို့ ခေတ္တပြန်နေရန် အကြောင်းကြားထားခြင်း ဖြစ်သည်။

လောက်ကိုင်ဒေသ၌ ၂၀၀၉ က ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် MNDAA တိုက်ပွဲကာလတွင် ရဲတပ်ဖွဲ့ဝင် ၂၉ ဦးကို MNDAA က ဖမ်းဆီးကာ အချုပ်ခန်းတစ်ခုအတွင်း ထည့်၍ ဗုံးခွဲသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၅ က ဖြစ်ပွားခဲ့သော တိုက်ပွဲကာလအတွင်း ရဲစခန်းများ တိုက်ခိုက်ခံခဲ့ရသည်။ မူဆယ်ခရိုင် မုံးကိုးမြို့နယ် တွင် မြန်မာ့တပ်မတော်နှင့် KIA၊ TNLA၊ MNDAA ပူးပေါင်းအဖွဲ့ တို့အကြား ၂၀၁၆ နိုဝင်ဘာက ဖြစ်ပွားသော တိုက်ပွဲကာလ တွင်လည်း မုံးကိုးရဲစခန်း တိုက်ခိုက်ခံရကာ ရဲတပ်ဖွဲ့ဝင် ၁၂ ဦးနှင့် ရဲမိသားစုဝင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဇော်မင်းထွန်း
The Ladies News
https://www.facebook.com/News.TheLadies
လောက်ကိုင်ရှိ ရဲစခန်းများ တိုက်ခိုက်ခံရနိုင်သည် ဟူသော သတင်း များကြောင့် ရဲတပ်ဖွဲ့ဝင် မိသားစုများအား နေရပ်ပြန်ရန် သတိပေးထား လောက်ကိုင်ရှိ ရဲစခန်းများ တိုက်ခိုက်ခံရနိုင်သည် ဟူသော သတင်း များကြောင့် ရဲတပ်ဖွဲ့ဝင် မိသားစုများအား နေရပ်ပြန်ရန် သတိပေးထား Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.