နှစ်လအတွင်း လေပြင်းတိုက်နိုင်တယ်လို့ မိုးဇလ သတိပေး


မတ်လနဲ့ ဧပြီလတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်ပြီး မိုးကြိုးပစ်တာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်လာနိုင် တဲ့အတွက် ဂရုစိုက်ပြီး နေထိုင်သွားလာကြဖို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မိုးတိမ်တောင်တွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ အထက်ပိုင်းဒေသတွေမှာ အများဆုံး  ဖြစ်ပေါ်နိုင်ပြီး အဲဒီအကျိုးဆက်ကြောင့် မိုးသီးကြွေတာ၊လေပြင်းတိုက်တာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

"ပိုပြီးအဖြစ်များနိုင်တာကတော့ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် ဒီဒေသတွေမှာ ပိုပြီးအဖြစ်များတယ်၊ တစ်ခါတလေကျရင်လည်း ရန်ကုန်တိုင်းတို့၊ ပဲခူးတိုင်းတို့၊ မကွေးတိုင်းတို့မှာလည်း တစ်ခါတလေဖြစ်တတ်တယ်၊ မိုးတိမ်တောင်တွေဖြစ်လာပြီဆိုရင် မိုးခြိမ်းမယ်၊ လျှပ်စီးလက်ပြီး မိုးကြိုးပစ်တဲ့ဖြစ်စဉ်တွေ မိုးရွာတယ်၊ မိုးသီးကြွေတဲ့ဖြစ်စဉ်တွေ လေပြင်းတိုက် တဲ့ဖြစ်စဉ်တွေဖြစ်နိုင်တာက (တစ်နာရီ) မိုင် ၃၀ နဲ့ ၄၀ ကြားဖြစ်နိုင်ပါတယ်"

အဲဒီလို ဖြစ်စဉ်တွေ ဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ မတ်လနဲ့ ဧပြီလအတွင်း အထူးဂရုပြုနေထိုင်သွား လာကြဖို့ မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနကလည်း မတ်လ ၁ ရက်နေ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ဒါအပြင့် လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကလည်း ယခုနှစ် မတ်၊ ဧပြီနဲ့ မေ လတွေမှာ လေပြင်းတိုက်ခတ်မှုဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ နေအိမ်အဆောက်အအုံတွေကိုပြင်ဆင်ဖို့ အကြံပြုချက် ၈ ချက်နဲ့ သတိပြုဆောင်ရွက်ဖို့ အချက် ၆ ချက်ကိုထုတ်ပြန် ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း ရန်ကုန်အပါအ၀င်နေရာဒေသအချို့မှာ နေ့အပူချိန်မြင့်တက်ပြီး မိုး တိမ်တောင်တွေဖြစ်ပွားကာ လေပြင်းတိုင်ခတ်၊မိုးသီးကြွေတာ၊ နေရာကွက်ကြားမိုးကြီး တာတွေကြောင့် သစ်ပင်တွေပြိုလဲတာ၊ လူတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေ ရှိခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
နှစ်လအတွင်း လေပြင်းတိုက်နိုင်တယ်လို့ မိုးဇလ သတိပေး နှစ်လအတွင်း လေပြင်းတိုက်နိုင်တယ်လို့ မိုးဇလ သတိပေး Reviewed by THITHTOOLWIN on 18:53 Rating: 5
Powered by Blogger.