အများပိုင်ဘတ်စ်ကားလိုင်းတွင် ၀င်ရောက်ခြင်းမရှိသော အောင်ကမ္ဘာနှင့် မေတ္တာရှင်ကြားကားများ YBS မှ အရေးယူမည်


YBS အများပိုင် ဘတ်စ်ကားလိုင်းတွင် ၀င်ရောက်ခြင်းမရှိသော အောင်ကမ္ဘာနှင့် မေတ္တာရှင်ကားများကို YBS မှ အရေးယူမည်ဖြစ်ကြောင်းသိရသည်။ ''အောင်ကမ္ဘာကားက ခရီးသည်တယောက်ကို ၁၀၀၀ ယူပါတယ်။ မေတ္တာရှင်ရော အောင်ကမ္ဘာရော ဘယ်ကြားကားဖြစ်ဖြစ် YBS ယာဉ်လိုင်းမ၀င်ရင် အရေးယူမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

အဆိုပါ ကြားကားများကို YBS မှ တရားဝင်ခွင့်ပြုထားခြင်းလည်းမရှိကြောင်း၊ ယာဉ်စီးခနှုန်းထားများမှာလည်း မေတ္တာရှင် ကြားကားဆိုလျှင် ယုဇနဥယျာဉ်မြို့တော်မှ လမ်း (၄၀) ကားဝင်းအထိ တဦးလျှင် ကျပ် ၅၀၀ နှုန်း၊ အောင်ကမ္ဘာကြားကားဆိုလျှင် ဆူးလေဘုရားမှတ်တိုင်မှ မြောက်ဥက္ကလာအထိ တဦးလျှင် ကျပ် ၁၀၀၀ ကောက်ခံကြောင်း YBS ယာဉ်မောင်းများထံမှ သိရသည်။
မေတ္တာရှင် ကြားကားများကို YBS ယာဉ်လိုင်းသို့ဝင်ရန်၊ အကယ်၍ YBS လိုင်းသို့ဝင်ခဲ့လျှင် ယာဉ်ပြေးဆွဲနေသော ကားငယ်များကို ပြောင်းလဲရမည်ဖြစ်ပြီး ယာဉ်စီးခကိုလည်း သတ်မှတ်ထားသော နှုန်းထား ၂၀၀ ကျပ်သာ ကောက်ခံရမည်ဖြစ်ကြောင်း၊ လက်ရှိ ကြားကားများအားလုံးကိုလည်း မကြာမီ YBS က ထိထိရောက်ရောက် အရေးယူတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ် စည်းကမ်းထိန်း သိမ်းရေးအဖွဲ့မှ ဇန်န၀ါရီလအတွင်း လမ်း ၄၀ ကားဝင်း၌ ဆွေးနွေးမှုတရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ကျွန်မတို့က မထသယာဉ်လိုင်းကတည်းက သိပ်မစီးဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ လိုင်းကားတွေက ကြာတယ်။ ကြားကားတွေက ပိုက်ဆံပေးရတာလည်း များတယ်။ အလုပ်ကို အချိန်မီရောက်တယ်။ တန်တယ်၊ ပေးရတယ်လို့ မမြင်ဘူး။ ကြားကားတွေမရှိတော့ရင် တော်တော်လေးဒုက္ခရောက်သွားမှာပါ'' ဟု ယုဇနဥယျာဉ်မှ မေတ္တာရှင်ကြားကားစီး၍ ရုံးတက်နေသူ ခရီးသည်တဦးက ပြောသည်။

မေတ္တာရှင်ကြားကားများကို ယုဇနဥယျာဉ်မြို့တော်မှ လမ်း ၄၀ ကားဝင်းထိ ကို နံနက် ၆ နာရီမှ ည ၁၂ နာရီဝန်းကျင်ထိ ပြေးဆွဲပေးပြီး စီးရေ ၄၄ စီးရှိကာ အဆိုပါကားလိုင်းသည် ခြောက်နှစ်ခန့်ကြာမြင့်နေပြီဖြစ်၍ ခရီးများလည်း အဆင်ပြေကြောင်း သိရသည်။

၂၀၁၇ ဇန်န၀ါရီ ၁၅ ရက်နေ့တွင် မထသယာဉ်လိုင်းကို ဖျက်သိမ်း၍ ဇန်န၀ါရီ ၁၆ ရက်နေ့တွင် YBS ယာဉ်လိုင်းသစ်များကို ပြောင်းလဲခဲ့ပြီး ယာဉ်လိုင်းပေါင်း ၈၀ ကျော် ပြေးဆွဲလျက်ရှိသော်လည်း ယာဉ် အရေအတွက်နည်းပါးခြင်း၊ ခရီးစဉ်ရှည်လျားမှုများကြောင့် ခရီးသည်အချို့မှာ မေတ္တာရှင်၊ အောင်ကမ္ဘာကြားကားများနှင့် အခြားသော ကြားကားများကို အားကိုးနေရသည်ဟု ခရီးသည်များထံမှ သိရသည်။

နီနီလှိုင်
News Watch
https://www.facebook.com/NewsWatchJournal/
အများပိုင်ဘတ်စ်ကားလိုင်းတွင် ၀င်ရောက်ခြင်းမရှိသော အောင်ကမ္ဘာနှင့် မေတ္တာရှင်ကြားကားများ YBS မှ အရေးယူမည်  အများပိုင်ဘတ်စ်ကားလိုင်းတွင် ၀င်ရောက်ခြင်းမရှိသော အောင်ကမ္ဘာနှင့် မေတ္တာရှင်ကြားကားများ YBS မှ အရေးယူမည် Reviewed by THITHTOOLWIN on 12:32 Rating: 5
Powered by Blogger.