ကန်ကာကွယ်ရေးစရိတ်တိုးမြှင့်ဖို့ သမ္မတ Trump ပြင်ဆင်


အမေရိကန်အစိုးရရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ဒေါ်လာ ၅၄ ဘီလီယံ တိုးမြင့်သွားဖို့ သမ္မတ Donald Trump က တနင်္လာနေ့မှာ တောင်းဆိုလိုက်ပြီး ၁၀% တိုးမြင့်မယ့် ဒီပမာဏဟာ သမိုင်းမှတ်တိုင်ထူနိုင်မယ့် တိုးမြင့်မှုဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာ အမေရိကန်ရဲ့ အင်အား၊ လုံခြုံရေးနဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုကို ကမ္ဘာကသိအောင် အာမခံပေးတဲ့ သတင်းစကားတခုလည်း ဖြစ်ပါတယ်။

သတ္တိပြောင်မြောက်လှတဲ့ အမေရိကန် စစ်သား၊ စစ်သမီးတွေ အနေနဲ့ စစ်မက် ဖြစ်ပွားမယ့် အန္တရာယ်ကို ဟန့်တားနိုင်မယ့် လုံလောက်တဲ့ လက်နက် ခဲယမ်း မီးကျောက်တွေ လိုအပ်ကြောင်း၊ တကယ်လို့ သူတို့အနေနဲ့ ကျွန်ုပ်တို့ကိုယ်စား ရှေ့တန်းကိုသွားပြီး စစ်တိုက်ရတော့မယ် ဆိုရင်လည်း အောင်ပွဲပဲ ရရှိစေချင်ကြောင်း တနင်္ဂနွေနေ့က သမ္မတအိမ်ဖြူတော်မှာ နိုင်ငံတ၀ှမ်းက ပြည်နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ သမ္မတ Trump က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်ပွဲတွေမှာ အောင်ပွဲ ပြန်ရဖို့ လုပ်အပ်နေကြောင်း၊ ဒုတိယကမ္ဘာစစ်ပြီးကာစ ကာလတွေတုန်းကဆိုရင် အမေရိကန်ဟာ စစ်ပွဲမှာ ဘယ်တော့မှ မရှုံးဘူးဆိုပြီး ဂုဏ်ယူ ပြောကြားလေ့ရှိကြောင်း သူငယ်စဉ်က ကြားသိခဲ့ရတဲ့ အခြေအနေတွေကိုလည်း သမ္မတ Trump က ပြန် ပြောပြခဲ့ပါတယ်။

အစိုးရ အသုံးစားရိတ် အသေးစိတ်ကိုတော့ ဒေသစံတော်ချိန် အင်္ဂါနေ့ညမှာ လွှတ်တော် နှစ်ရပ်ပေါင်းကို ပြောကြားမယ့် မိန့်ခွန်းအတွင်း ချပြသွားမှာဖြစ်ကြောင်း၊ ဒါပေမယ့် အမေရိကန် စစ်တပ်အတွက် အသုံးစားရိတ်ထဲမှာ အမေရိကန်စစ်တပ် ပြန်လည် ထူထောင်ရေးအတွက် အင်မတန် လိုအပ်နေတဲ့ အချိန်မှာ အားနည်းနေတဲ့ စစ်တပ် ပြန်လည် တည်ဆောက်ရေးအတွက် စစ်အသုံးစရိတ် တိုးမြင့် သုံးစွဲခြင်း ဖြစ်ကြောင်း သမ္မတ Trump က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ကန်ကာကွယ်ရေးစရိတ်တိုးမြှင့်ဖို့ သမ္မတ Trump ပြင်ဆင် ကန်ကာကွယ်ရေးစရိတ်တိုးမြှင့်ဖို့ သမ္မတ Trump ပြင်ဆင် Reviewed by THITHTOOLWIN on 09:25 Rating: 5
Powered by Blogger.