ပဲခူးမြို့ ရှေးဟောင်းဟံသာဝတီမြို့ရိုးပေါ်ရှိ ကျူးကျော်အိမ်များ အားလုံးဖယ်ရှားရန် နို့တစ် (Notice) စာထုတ်ပြီ


ပဲခူးမြို့ နန်းတော်ရာရပ်ကွက် ဟံသာဝတီမြို့ဟောင်းအတွင်း အရှေ့ဘက်မြို့ရိုးနှင့် ကျုံးတောင်ဘက်မြို့ရိုးပေါ် နှင့် ကျုံးအတွင်း ကျူးကျော်ဆောက်လုပ်နေထိုင်ကြသည့် အိမ်များအားလုံး ဖယ်ရှားပေးရန်နှင့် ဖယ်ရှားရှင်းလင်း ရန် သတိပေးနို့တစ် (Notice)စာကို ဌာနဆိုင်ရာပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် ကျူးကျော်ရှင်းလင်းရေးအဖွဲ့မှ ဖေဖော်ဝါရီ ၇ ရက်က ကျူးကျော်သူတဦးချင်းထံသို့ ပထမအဆင့်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ဟံသာဝတီမြို့ရိုးကြီးကို သက္ကရာဇ် ၉၁၄ ခုနှစ်တွင် နန်းတက်သည့် ဆင်ဖြူများရှင်ဘုရင်နောင်မင်းကြီးက တည် ဆောက်ခဲ့သည်။ ဘုရင့်နောင်သည် စစ်ဘုရင်တပါးဖြစ်သည့်အလျောက် မြို့လုံခြုံရေးအတွက် မြို့ရိုးနှင့် ကျုံးများ ကို အထူးသဖြင့် ခိုင်ခိုင်ခံ့ခံ့တည်ဆောက်ထားသည်ကို တွေ့မြင်ရသည်။ သူ့ခေတ်သူ့အခါက ပဲခူးဟံသာဝတီ နေပြည်တော်၏ အ၀န်းတာသည် (၂၂၁၅)တာရှိ၍ မြို့ရိုးကို အရှေ့နှင့်အနောက် ၁ မိုင် ၂ ဖာလုံ၊ တောင်နှင့် မြောက် ၁ မိုင်ခွဲခန့်ရှည်လျားပြီး မြို့ရိုးအမြင့်ကို ၂၂ ပေ ၆ လက်မဆောက်ထားပြီး ကျုံးကိုလည်း အကျယ် ၂၁၀ ပေနှင့် ရေအနက် ၁၅ တောင်ထိ တူးဖော်ထားကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။

ထိုမြို့ရိုးကြီးများ ကျုံးများမပျောက်ပျက်ရအောင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့မှ ခေတ်အဆက်စောင့်ရှောက်ထိန်းသိမ်းလာခဲ့ရသည်။ မြို့ရိုးနှင့်ကျုံးအတွင်း ခေတ်အဆက်ဆက် ကျူးကျော်တည် ဆောက်ထားသည့် အဆောက်အဦမှာလည်း ၉၀၀ ကျော်ရှိခဲ့သည်။ ဆက်လက်၍ ကျူးကျော်မှုများ မတိုးလာ ရေးအတွက်လည်း ၎င်းဦးစီးဌာနတို့မှပင် တားဆီးခဲ့ရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလမှစ၍ အရှေ့ဘက်ရွှေအောင်ရွေးစေတီတော်ဝန်းကျင်ရှိ ရှေးဟောင်းမြေ နေရာများ ဟံသာဝတီမြို့ဟောင်း၏ အရှေ့ဘက်မြို့ရိုးနှင့်ကျုံးတလျှောက်တို့တွင် မြေနေရာများဦးခြင်း၊ ပြီးလျှင် ၀ါးတဲများထိုးနေထိုင်ခြင်းများပြုလုပ်လာသည့်အပြင် သူတို့သည် နေစရာထိုင်စရာမရှိ၍ ယခုလိုနေရကြောင်း၊ ဖယ်ရှားပေးရမည်ဆိုလျှင် မြေနေရာအစားပေးသင့်ကြောင်း သတင်းမီဒီယာများမှတဆင့် တင်ပြတောင်းခံလာ ကြပါသည်။

သို့ဖြစ်၍ ရှေးဟောင်းသုတေသနမှ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ၎င်းကျူးကျော်တဲများ ဟန့်တားဖယ်ရှား နိုင်ပါရန် တင်ပြခဲ့ပါသည်။ အစိုးရအဖွဲ့မှ တင်ပြစာအရ စည်ပင်သာယာရေးဝန်ကြီးဥက္ကဋ္ဌအဖြစ် ပါဝင်သော ကျူးကျော်တဲများ ရှင်းလင်းရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ပါသည်။

တာဝန်ပေးချက်အရ ရှင်းလင်းရေးအဖွဲ့သည် ဖယ်ရှားရှင်းလင်းခြင်းကို အဆင့်သုံးဆင့်ပိုင်း၍ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ပထမအဆင့်အနေဖြင့် ကျူးကျော်သူတဦးချင်းထံသို့ သတိပေးစာထုတ်ခြင်း မဖယ်ရှားသေးပါက ဒုတိယအဆင့်တွင် ယဉ်ကျေးမှုဥပဒေအရ အရေးယူတရားစွဲဆိုခြင်းနှင့် တတိယအဆင့် သည် ဖယ်ရှားခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ပါသည်။

ဒုတိယအဆင့် ဆောင်ရွက်ရာတွင် ပထမအဆင့် သတိပေးစာ ထုတ်ပြန်ပြီး ရက်သတ္တနှစ်ပတ်ခြားပြီး ဆောင်ရွက်သွားမည်ဟု သိရပါသည်။ တတိယအဆင့်ကို ဆောင်ရွက်ရာတွင် ဖယ်ရှားရှင်းလင်းရေးအဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူကာ ဆောင်ရွက်သွားမည်ဟု ဆိုပါသည်။

ယခုအခါ မြို့ရိုးပေါ်နှင့် ကျုံးတလျှောက်ကျူးကျော်တဲအိမ်များမှာ သုံးရာနီးပါးခန့်ရှိနေကြောင်း သိရှိရပြီး မြေနေရာ အစားပေးမှာမဟုတ်ကြောင်းလည်း သိရှိရသည်။
''အခုဆိုရင် ပဲခူးမြို့ကို ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ထားလို့ နိုင်ငံခြားက လေ့လာသူတွေ ဟာ နေ့စဉ်လာနေကြတယ်။ ဒါတွေကို မြင်သွားရင် ဘယ်ကောင်းပါ့မလဲ။ သူတို့က ရှေးဟောင်းနေရာဆိုရင် အရမ်းစိတ်ဝင်စားကြတယ်။ တခါမြို့ရဲ့အဆင်းအင်္ဂါနဲ့ကြည့်ပြန်ရင်လည်း အတော်အကျည်းတန်တဲ့ မြင်ကွင်းပါ။ ဒီတော့ ကျွန်တော်တို့ကတော့ မြို့တော်သာယာလှပရေးနဲ့ ရှေးဟောင်းအမွေအနှစ်တွေ မပျက်စီးဖို့ ပထမ အဆင့်တော့ သတိပေးပြီးပြီ။ နောက်ဒုတိယအဆင့်ပြီးလို့မှ မဖယ်ဘူးဆိုရင် ဥပဒေအရ ဖယ်ရှားရှင်းလင်း ရမှာပဲ''ဟု တာဝန်ရှိသူတဦးက ပြောသည်။

မိုးမြင့်လွင်
News Watch
https://www.facebook.com/NewsWatchJournal/
ပဲခူးမြို့ ရှေးဟောင်းဟံသာဝတီမြို့ရိုးပေါ်ရှိ ကျူးကျော်အိမ်များ အားလုံးဖယ်ရှားရန် နို့တစ် (Notice) စာထုတ်ပြီ ပဲခူးမြို့ ရှေးဟောင်းဟံသာဝတီမြို့ရိုးပေါ်ရှိ ကျူးကျော်အိမ်များ အားလုံးဖယ်ရှားရန် နို့တစ် (Notice) စာထုတ်ပြီ Reviewed by THITHTOOLWIN on 09:33 Rating: 5
Powered by Blogger.